မိုးကောင်းမိုးကြီးမှု ရေဘေးဒုက္ခသည် ဒေသခံများ စားဝတ်နေရေး အခက်ကြံုနေ

မိုးကောင်းမိုးကြီးမှု ရေဘေးဒုက္ခသည် ဒေသခံများ စားဝတ်နေရေး အခက်ကြံုနေ

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရက်သတ္တပတ်ကြာ မိုးရွာသွန်းသဖြင့် ကချင်ပြည်နယ် မိုးကောင်းမြို့ တစ်မြို့လုံး ရေကြီးကာ ရေဘေးဒုက္ခသည် ဖြစ်ရသည့် မြို့ခံများ စားဝတ်နေရေး အခက်အခဲ ကြုံနေရသည်ဟု မြို့ခံများက ပြောသည်။

ဇူလိုင်လ ၁၇ ရက်မှစတင်၍ မိုးကောင်းမြို့တစ်မြို့လုံး ရေလွမ်းခဲ့ရာမှ ၅ ပေကျော်ထိ မြင့်တက်ခဲ့သဖြင့် မြို့ခံများ နေအိမ်မြင့်များတွင် စုပေါင်း၍ ခိုလှုံနေရပြီး စားဝတ်နေရေးခက်ခဲနေသည်ဟု ကက်သလစ်အသင်းတော်မှ သင်းအုပ်ဆရာ ဇော်တောင်က ပြောသည်။

“အခုထိ ရေပေါ်မှာ နေနေကြတယ်။ နှစ်ထပ်အိမ်မြင့်တဲ့ နေရာတွေမှာ ၃ အိမ်၊ ၄ အိမ်စုပြီးနေကြတယ်။ ကုန်းကျတဲ့နေရာ ကားနဲ့ ဝက်၊ကြက်နဲ့ နေနေရတယ်။ မနေ့က တနင်္ဂနွေနေ့တော ဝတ်ပြုဆုတောင်းတာ မရှိဘူး။ ဒီနေ့က တလက်မခွဲ နှစ်လက်မလောက်ကျပြီ။ မြို့ရဲ့ ၄ ပုံ ၃ ပုံ အားလုံးမြှုပ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မိုးကောင်းမြို့ရှိ ရပ်ကွက်များအားလုံး နှစ်မြှုပ်နေသဖြင့် ဆေးရုံမှ လူနာများကို ကုန်းမြင့်ပိုင်း ဘုန်းကြီးကျောင်း သာသနာ့ဘိမာန်၊ ရွှေ့ပြောင်းထားရသလို၊ မြို့ခံများလည်း ဘေးလွတ်ရာ နှစ်ထပ်အိမ်ပေါ်တွင် အိမ်ထောင်စု ၃ စု၊ ၄ စု စုပေါင်း၍ နေထိုင်နေရပြီး ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေရသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ပတ်မှစတင်၍ မိုးရွာသွန်းခဲ့သဖြင့် မိုးကောင်းမြို့အနီးရှိ နမ့်ယင်းချောင်းမှ ရေများလျှံလာရာမှ မိုးကောင်းမြို့လုံး ရေလွမ်းခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“အရင်တပတ်လုံး မိုးရွာတာ အဓိကတော့ မိုးညှင်းကနေ ဆင်းလာတဲ့ နမ့်ယင်းချောင်းက ရေအရမ်းကြီးလာတာ။ နမ့်ယင်းချောင်းက ပုံမှန်အနေအထားက ကနေ ၈ ပေလောက်မြင့်သွားတယ်၊ လယ်ကွက်က ဧက တသိန်းကျော်လောက် ရှိတယ်။ အဲဒါ အကုန်လုံး ခုထိ နှစ်မြှုပ်နေတုန်းပဲ။ ဒီနေ့ဆို လေးရပ်ရှိပြီ”ဟု သူက ပြောသည်။

မိုးကောင်းမြို့ရှိ လယ်ဧက တစ်သိန်းခန့်မှာ လေးရက်ကြာ ရေလွမ်းနေဆဲ ဖြစ်သလို၊ လေးရက်ကြာ ရေဘေးဒဏ်ခံနေရသဖြင့် စားဝတ်နေရေးခက်ခဲလာကာ ဇူလိုင်လ ၂၀ရက်က ဘာသာပေါင်းစုံမှ ဆန် ၁၀ အိတ်ကို တစ်အိမ်လျှင် ၂ ပြည်စီ လိုက်လှူဒါန်းပေးခဲ့ရသည်ဟု ဆရာဇော်တောင်က ပြောသည်။

မိုးကောင်းမြို့ပေါ် ဈေးများ အကုန်ပိတ်ထားလိုက်ရသဖြင့် ငါးရက်ခန့်ကြာ အစားအသောက်များ ပြတ်သောက်နေပြီ ဖြစ်သလို၊ သွားရေးလာရေးလည်း ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။  

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်များတွင်လည်း ရေကြီးနေသဖြင့် တံတားများ ကျိုးရန်နှင့် ဆည်များ ပေါက်ရန် စိုးရိမ်မှုများ ရှိနေသည်ဟု သိရသည်။

မန်မာပြည်အထက်ပိုင်းတွင် ဇူလိုင် ၁၄ရက်နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များအား ဇူလိုင်လ ၁၈ ရက် ညနေပိုင်းမှစတင်၍ ယာယီဖျက်သိမ်းထားပြီး ပြန်လည်ပြေးဆွဲမည့် နေ့ရက်မသိရသေးသဖြင့် ရက်ကြို ဝယ်ထားသည့် လက်မှတ်ငွေများကို ငွေပြန်လည်အမ်းခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly