ဇန်နဝါရီ ၅ ။ ။ အဓိက လမ်းမကြီးများနှင့် နီးနီးကပ်ကပ် နေထိုင်ကြသူများအနေဖြင့် စိတ်ကယောက်ကယက် ဝေဒနာ ခံစားရနိုင်ခြေ အခွင့်အလမ်းများပြားနေသည်ဟု ဗြိတိန်ဆေးဝါး ဂျာနယ် The Lancet တွင် ဖော်ပြထားသည့် လေ့လာချက်တစ်ခုအရ သိရသည်။
အဆိုပါ သုတေသနတွင် ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် နှင့် ၂၀၁၂ အကြား ကနေဒါနိုင်ငံ Ontario တွင် နေထိုင်သူ လူပေါင်း ခြောက်သန်းကို ကြည့်ရှုလေ့လာခဲ့ခြင်းဖြစ်ပြီး အသွားအလာများပြားသော လမ်းမကြီးတစ်ခုနှင့် မီတာ ၅၀ ပင် မဝေးသော နေရာတွင် နေထိုင်နေကြသူများမှာ စိတ်ကယောက်ကယက်ဖြစ်နိုင်ချေ ရ ရာခိုင်နှုန်း ပိုများနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
အဓိကလမ်းမကြီးများနှင့် မီတာ ၅၀ နှင့် ၁၀၀ ကြား အကွာအဝေးတွင် နေထိုင်သူများအနေဖြင့် ပုံမှန်ထက် ဝေဒနာဖြစ်နိုင်ခြေ ၄ ရာခိုင်နှုန်း ပိုများနေလျက်ရှိပြီး လမ်းမကြီးများနှင့် မီတာ ၁၀၀ နှင့် ၂၀၀ အကွာအဝေးတွင် နေထိုင်သူများက သာမာန်သူတို့ထက် ၂ ရာခိုင်နှုန်း ပိုများနေကြောင်း သိရသည်။
တစ်ချိန်တည်းတွင်ပင် အဓိကလမ်းမကြီးနှင့် မီတာ ၂၀၀ ကျော် ဝေးသော အရပ်တွင် နေထိုင်ကြသူများမှာ ယင်းစိတ်ဖောက်ပြန်မှုရောဂါ ဖြစ်နိုင်ချေ သိပ်မရှိလှကြောင်းလည်း ယင်းသုတေသနအရ သိရသည်။
Ontario ပြည်သူ့ကျန်းမာရေးဌာနက ပညာရှင် Hong Chen ဦးဆောင်ခဲ့သော ယင်းလေ့လာချက်အရ အတွေ့ရများသည့် ညစ်ညမ်းပစ္စည်းများဖြစ်သည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် NO2 နှင့် သေးငယ်အနုစိတ်သော အမှုန်အမွှားများနှင့် ရေရှည်ထိတွေ့နေရခြင်းက အဆိုပါ စိတ်ကယောက်ကယက်ဖြစ်မှုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေကြောင်း တွေ့ရှိရသည်။
အလားတူ ဆူညံသံများ သို့မဟုတ် အခြားသော ညစ်ညမ်းအရာများကြောင့်လည်း အဆိုပါဝေဒနာ ခံစားရနိုင်ခြေကို အခွင့်အလမ်းပိုများသွားစေကြောင်း ယခုလေ့လာချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ ကမ္ဘာတစ်ဝန်း စိတ်ကယောက်ကယက်ဝေဒနာခံစားနေရသူ ၄၇ ဒသမ ၅ သန်း ရှိနေလျက်ရှိကြောင်းလည်း သိရသည်။
အလားတူ စိတ်ဖောက်ပြန်မှုဖြစ်စဉ်နှင့် သက်ဆိုင်သည့် ဖြစ်စဉ်သစ်ပေါင်း ရ ဒသမ ရ သန်းထိ ရှိနေခဲ့ပြီး အယ်လ်ဇိုင်းမားဝေဒနာမှာ အဖြစ်အများဆုံး ရောဂါဝေဒနာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
စိတ်ဖောက်ပြန်မှုဝေဒနာဖြစ်စေသည့် အခြားအကြောင်းရင်းများတွင်လည်း လေသင်တုန်းဖြတ်ခြင်းနှင့် သွေးတိုးရောဂါတို့နှင့်ပါ သက်ဆိုင်နေကြောင်းလည်း သိရသည်။