လာမည့်ရာသီအတွက် ကစားသမားသစ် ၂၀ ဦး ရှာပါကွင့်စ်ခေါ်ယူမည်

လာမည့်ရာသီအတွက် ကစားသမားသစ် ၂၀ ဦး ရှာပါကွင့်စ်ခေါ်ယူမည်

ဇန်နဝါရီ ၄၊ ဘရာဇီး။              ။ ဘရာဇီးကလပ် ရှာပါကွင့်စ်အသင်းသည် လာမည့်ရာသီအတွက် ကစားသမားသစ် ၂၀ ဦးခေါ်ယူသွားမည်ဖြစ်ပြီး လေယာဉ်ပျက်ကျစဉ်က အသက်ရှင်ကျန်ခဲ့သည့် ကစားသမားများအတွက်လည်း ကျောနံပါတ်များကို ချန်ထားပေးမည်ဖြစ်သည်။

ရှာပါကွင့်စ်အသင်းသားများနှင့် နည်းပြများပါဝင်သည့် ၁၉ ဦးသည် နိုဝင်ဘာအတွင်းက ကိုပါဆူဒါအမေရိကဖလားပွဲကစားရန် သွားရောက်စဉ် လေယာဉ်ပျက်ကျပြီး အသက်ဆုံးရှုံးရသူများထဲတွင် ပါဝင်ခဲ့ရသည်။

အသင်းမှာ ကိုပါဆူဒါအမေရိကဖလားချီးမြှင့်ခံရပြီး ပြိုင်ဘက် ကိုလံဘီယာကလပ် အက်သလက်တီကို နာစီယွန်နယ်အသင်းက အသန့်ရှင်းဆုံးအသင်းဆုရရှိခဲ့သည်။

“အများစုက အငှားနဲ့ခေါ်ဖို့ ဖြစ်ပါတယ်။ အရည်အသွေး၊ အရှိန်အဟုန်နဲ့ ဘက်ဂျက်အတွက် အပြည့်အစုံရှိပါတယ်။ အသင်းတွေ အများအပြားကလည်း မိတ်ဖက်အဖြစ်   ဆောင်ရွက်ပေးကြမှာပါ” ဟု   ဘောလုံးဒါရိုက်တာ ရူအီကော်စတာက ပြောသည်။

ဗဟိုနောက်ခံလူ နက်တိုနှင့် နောက်ခံအစွန်လူ အလန် ရက်ရှ်ချယ်တို့ အသက်ရှင်ကျန်ရစ်ကြပြီး ယင်းကစားသမားနှစ်ဦးအနေဖြင့် ဘောလုံးပြန်ကစားနိုင်ပြီး ၎င်းတို့၏ ဂျာစီများကိုပြန်လည် ဝတ်ဆင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ကော်စတာက ပြောသည်။

အရန်ဂိုးသမားဖြစ်သူ ဂျက်ဆင် ဖိုးလ်မန်းသည်လည်း အသက်ရှင်ကျန်ရစ်သော်လည်း ခြေထောက်ဖြတ်ပစ်ရမည်ဖြစ်သည်။ “ဖိုးလ်မန်း၊ နက်တိုနဲ့ အလန်တို့ရဲ့ ကျောနံပါတ်ကို ဒီရာသီမှာ ဘယ်သူမှ ဝတ်ဆင်ရမှာမဟုတ်ပါဘူး။

ပိုပြီး ဂုဏ်ပြုမှုအဖြစ် အလန်နဲ့ နက်တိုတို့ ပြန်လာပြီး သူတို့အကျႌကိုဝတ်ဆင်ကြဖို့ မျှော်လင့်ပါတယ်။ ဝမ်းနည်းဖို့ကောင်းစွာနဲ့ပဲ ဖိုးလ်မန်းပြန်မကစားနိုင်တော့ပေမယ့် ဒီအသင်းမှာ နေရာတစ်နေရာရာနဲ့ သူပြန်လာရဖို့ ကျွန်တော်တို့ အာမခံပါတယ်”ဟု ကော်စတာက ဆိုသည်။

ရှာပါကွင့်စ်အသင်းသည် သောကြာနေ့မှစတင်ကာ လေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီး ဇန်နဝါရီ ၂၆ တွင် ရာသီသစ်အဖွင့်ပွဲအဖြစ် အိမ်ကွင်း၌ ဂျွိုင်းဗယ်လီအသင်းနှင့် ကစားရမည်ဖြစ်သည်။ အသင်းသည် သုံးနှစ်အတွင်း တန်းမဆင်းစေရဆိုသည့် ကမ်းလှမ်းချက်ကိုလည်း ပယ်ချထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly