ဖားကန့် မြေစာပြိုကျမှု ရုပ်အလောင်း တစ်လောင်း တွေ့ရှိ

ဖားကန့် မြေစာပြိုကျမှု ရုပ်အလောင်း တစ်လောင်း တွေ့ရှိ
ဓာတ်ပုံ - ဦးကျော်စွာအောင်

ရန်ကုန်၊ ဇန်နဝါရီလ ၃ ။                 ။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ မြေစာပုံပြိုကျမှုကြောင့် ပျောက်ဆုံးနေသူ ၂ ဦးကို တူးဖော်ရှာဖွေမှု များပြုလုပ်လျက်ရှိရာ ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရုပ်အလောင်း တစ်လောင်း တူးဖော်တွေ့ရှိခဲ့သည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်၊ ညနေပိုင်းတွင် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရုပ်အလောင်းကို ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်ရန် သယ်ဆောင်နေကြောင်း သိရသည်။

" အလောင်းက ကိုင်လို့ကို မရတော့ဘူး။ ဒါကြောင့် ဖြည်းဖြည်းခြင်း လုပ်နေရတယ်။ လက်ရှိသေတဲ့သူ အလောင်းက ဘယ်လိုမှ ရုပ်ဖမ်းလို့ကို မရဘူးဖြစ်နေတယ်။ ကာယကံရှင် မိသားစု နှစ်စုလုံးလည်း   ခေါ်ပြီးတော့ ပြတယ်။ ဟုတ်သလိုလို၊ မဟုတ်သလိုလို မသေချာဘူး။ ဘယ်သူမှန်းမသိအောင် အဝတ်အစားက အစ ဖြစ်သွားတာ။ ရက်လည်းကြာသွားတော့ ဘယ်သူလဲဆိုတာ မှန်းဖို့ခက်တယ်။ ဒါပေမယ့် အခုတော့ ပျောက်ဆုံးနေသူနှစ်ဦးက ဦးမောင်ရွှေလို့တော့ သူ့မိသားစုက အတည်ပြုထားပါတယ် "ဟု အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က လက်ရှိ အခြေအနေကို ရှင်းပြသည်။

ပေ ၄၀၀ ခန့် အမြင့်ရှိသော မြေစာပုံပြိုမှုကြောင့် ပျောက်ဆုံးခဲ့သော အသက် ၄၅ နှစ်အရွယ် ဦးမောင်ရွှေနှင့် အသက် ၃၇ နှစ်အရွယ် ဦးချစ်ကိုတို့ ၂ ဦးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ ဘက်ဟိုး ၃ စီးဖြင့် ၃ ရက်ဆက်တိုက် တူးဖော်ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  လက်ရှိတွင် မြေစာပြိုမှုကြောင့် ပျောက်ဆုံးသူ  ၂ယောက်သာ ရှိနေသေးသည်။

အဆိုပါ မြေစာပြိုမှုမှာ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ယခင်မြေစာပြိုကျခဲ့သည့် ကျောက်စိမ်းနန်းတော်ကုမ္ပဏီ၏ မြေစာနေရာတွင် မြေစာပြိုမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရသူ ၃ ဦးနှင့် ပျောက်ဆုံးနေသူ ၂ ဦးရှိပြီး မြေစာလာသွန်သည့် ကားတစ်စီးပါ မြေစာပြိုမှုတွင် ပါဝင်ခဲ့သည်။ ၂ဝ၁၅ ခုနှစ် နိုင်ဝင်ဘာလ လကုန်ပိုင်းက ပြိုကျခဲ့သည့် ၁၁၄ ဦးသေဆုံးခဲ့သော မြေစာပုံ နေရာတွင် ထပ်မံပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly