သိမ်ဖြူလမ်းတွင် စနေ၊ တနင်္ဂနွေတိုင်း စာအုပ်စျေးတန်းဖွင့်လှစ် ရောင်းချမည်

သိမ်ဖြူလမ်းတွင် စနေ၊ တနင်္ဂနွေတိုင်း စာအုပ်စျေးတန်းဖွင့်လှစ် ရောင်းချမည်

ရန်ကုန်၊ ဇန်နဝါရီ ၃ ။               ။ မြန်မာနိုင်ငံစာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများအသင်းက ကြီးမှူးပြီး ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသော စာအုပ်စျေးတန်းကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ရရက် နှင့် ၈ရက်မှ စတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၌ ရောင်းချပေးသွားမည်ဖြစ်သည်။

မြန်မာစာပေတိုးတက်ရေး၊ ပြည်သူများစာဖတ်ရှုသည့် ဓလေ့ တိုးတက်ထွန်းကားပြန့်ပွားရေးနှင့် မြန်မာစာပေရေးသားထုတ်ဝေသူများ ဘဝတိုးတက်မြင့်မားရေးတို့အတွက် အဓိကရည်ရွယ်ပြီး ပွင့်လင်းရာသီအတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် အပတ်စဉ်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှသိရသည်။

စာအုပ်စျေးတန်းတွင် စာပေအမျိုးအစားစုံလင်စွာ ပါဝင်ရောင်းချနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

စာအုပ်စျေးတန်းကို သိမ်းဖြူလမ်းရှိ ဝန်ကြီးများရုံးရှေ့တွင် (၈၁၆)ပေ၊ သိမ်ဖြူလမ်း ဝန်ထမ်းအိမ်ရာရှေ့တွင် (၄၉၅)ပေ၊ အနော်ရထာလမ်း ဗဟိုပုံနှိပ်စက်ရုံးရှေ့တွင် (၃၁၃)ပေဖြင့် အကျယ်အဝန်း ၈ပေရှိသည့် ဆိုင်ခန်းပေါင်း ၂၀၃ခန်းထိ ဖွင့်လှစ်ရောင်းချပေးရန် လျာထားထားသည်ဟု သိရသည်။

စာအုပ်ဆိုင်ခန်းဖွင့်လှစ်ရောင်းချလိုသူများအနေဖြင့်လည်း တစ်ရက်လျှင် ဆိုင်ခန်းခ ၆၀၀၀ ကျပ်နှုန်းဖြင့် တစ်ပတ်လျှင် နှစ်ရက်အတွက် တစ်လစာ ၄၈,၀၀၀ကျပ်ကို ကြိုတင်ပေးချေကာ ရောင်းချနိုင်သည်ဟု သိရသည်။ ထို့ပြင်လမ်းသွားလမ်းလာများ အနှောင့်အယှက်မဖြစ်စေရန် ဆိုင်ရှင်များကို စည်းကမ်းချက်(၁၅)ချက်ဖြင့် ရောင်းချခွင့်ပြုမည်ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly