စမတ်ကတ်ဖြင့် မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ရှေ့ပြေးစီမံချက် စတင်နေပြီ

စမတ်ကတ်ဖြင့် မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ရှေ့ပြေးစီမံချက် စတင်နေပြီ

ရန်ကုန်၊ ဇန်နဝါရီ ၃ ။              ။ နိုင်ငံတကာ အဆင့်မီ နည်းပညာသုံး စမတ်ကတ်ဖြင့် မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ရှေ့ပြေးစီမံချက် လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကြို့ကုန်း အရှေ့ရပ်ကွက်၌ ဇန်နဝါရီလ ၂ရက်ကစပြီး ဆောင်ရွက်နေပြီဖြစ်သည်။

နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့်အတိုင်း တစ်ဦးချင်းစီ၏ ဒေတာအချက်အလက်များ ထိန်းသိမ်းမှု လွယ်ကူစေရန် အဆိုပါ ရှေ့ပြေးစီမံချက်ကို လုပ်ဆောင်နေခြင်းလည်းဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ မှတ်ပုံတင်တွေက စက္ကူတွေနဲ့သုံးနေတဲ့အတွက် အရည်အသွေးနိမ့်နေသေးတယ်ပေါ့။ အဲ့ဒါကြောင့် တခြားနိုင်ငံတွေနဲ့ယှဉ်ရင် မနိမ့်ကျအောင်ဆိုပြီး ရှေ့ပြေးစီမံချက်အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်”ဟု အင်းစိန်မြို့နယ် လဝကဦးစီးမှူး ဦးဝင်းလတ်က မဇ္ဈိမကို ပြောသည်။

ရှေ့ပြေးစီမံချက်အဖြစ် စစ်တမ်း ကောက်ယူရာတွင် ကွန်ပျူတာစနစ်ဖြင့် လက်ဗွ နှင့် မျက်ကြည်လွှာကို ဖတ်သည့် စနစ်ကို အသုံးပြုထားသည်ဟု ၎င်းက ပြောသည်။

“ဒီလိုစမတ်ကတ်လုပ်လိုက်ခြင်းအားဖြင့် လူတွေက နေရာတိုင်းသွားတဲ့အခါမှာ လိမ်ညာလို့မရတော့ဘူး။ ဘာပဲဲဖြစ်ဖြစ် နိုင်ငံသားမှတ်ပုံတင်ကနေ နိုင်ငံတကာအဆင့်မီ လုပ်နိုင်ခြင်းအတွက် ဝမ်းသာပါတယ်။ အရင်တုန်းကတည်းက ဒီစနစ်က ဖြစ်သင့်တာပါ” ဟု မှတ်ပုံတင်ကတ်လာရောက်ပြုလုပ်သူ ဦးတိုးမောင်အေးက မဇ္ဈိမကိုပြောသည်။

စမတ်ကတ် မှတ်ပုံတင်ကတ်ပြားများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းသာမက နေပြည်တော် နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း မြို့နယ်တစ်ခုချင်းစီအလိုက် ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စမတ်ကတ်ဖြင့် မှတ်ပုံပြုလုပ်ခြင်းကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့မှ စတင်ပြုလုပ်ပေးနေခြင်းဖြစ်ပြီး နှစ်ရက်အတွင်း လာရောက် ပြုလုပ်သူ တစ်ထောင်ခန့် ရှိပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly