"မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာကို လွတ်လပ်ရေးနေ့တွင် မဲစနစ်ဖြင့် ရောင်းချပေးသွားမည်"

"မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာကို လွတ်လပ်ရေးနေ့တွင် မဲစနစ်ဖြင့် ရောင်းချပေးသွားမည်"

မန္တလေး၊ဇန်နဝါရီ ၂ ။             ။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် တန်ဖိုးမျှတအိမ်ရာအခန်းများကို ဇန်နဝါရီလ ၄ ရက်၊ နံနက်၉ နာရီမှစတင်၍ ၆၆ လမ်း၊ ၁၆ လမ်းနှင့် ၁၉ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် မဲစနစ်ဖြင့်ရောင်းချပေးသွားမည်ဟု ၎င်းဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

တန်ဖိုးမျှတအိမ်ရာကို မြရည်နန္ဒာရပ်ကွက်ရှိ မြေကွက်အမှတ်(မမ-၁၆)၊ မြေဧရိယာ(၇.၆၇)ဧကပေါ်တွင် ၈ခန်းတွဲ၊ ၅ထပ်၊ အဆောက်အဦ ၁၄လုံး၊ အခန်းပေါင်း ၅၆၀ ခန်းကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဒီဇင်ဘာလအထိ လျှောက်လွှာများရောင်းချခဲ့သည်။ နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူ ရ၆၄၄ ဦး လျှောက်ထားခဲ့ပြီး ထိုအထဲမှ ၅၆၀ခန်းကို မဲနှိုက် ရောင်းချပေးသွားမည် ဖြစ်သည်။

"ပွင့်လင်းမြင်သာ မဲနှိုက်ပေးသွားမယ်။ အခုတစ်သုတ်မှာ မရလိုက်ပေမယ့် နောက်ထပ် ကျန်နေတဲ့သူတွေကိုလည်း ဆက်ဆောက်ပြီး ပေးသွားပါမယ်။ အခန်းပေါင်းရှစ်ထောင်ကျော် တည်ဆောက်ပေးသွားပါမယ်။ နောက်ထပ်လည်း လာရောက်လျှောက်လို့ ရပါသေးတယ်"ဟု ဦးအောင်ကျော်ဦးက ပြောသည်။

၂၀၁၇/၂၀၁၈ဘဏ္ဍာနှစ်တွင်လည်း တန်ဖိုးမျှတအိမ်ရာများ ထပ်မံတည်ဆောက်သွားမှာဖြစ်ပြီး လျှောက်ထားလာသူအားကို ချထားပေးသွားမည်ဖြစ်သည်။

"တိုင်းအစိုးရအဖွဲ့ကလည်း မြေနေရာချပေးပြီးပါပြီ ။ အဲဒါကလည်း အခန်းပေါင်း ၃၀၀၀ ဖြစ်မလား၊ ၂၀၀၀ ဖြစ်မလားတော့ မဆုံးဖြတ်ရသေးပါဘူး။ အခုလျှောက်လို့မရတဲ့သူတွေကို ဆက်ပြီး မဲစနစ်နဲ့ ရောင်းချပေးသွားပါမယ် "ဟု ဦးအောင်ကျော်ဦးက ပြောသည်။

မလျှောက်ထားလိုက်ရသည့် နိုင်ငံဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများအနေဖြင့် သက်ဆိုင်ရာဌာနထောက်ခံချက်များနှင့် ၆၆လမ်း၊ ၁၆ လမ်းနှင့် ၁၉ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။ ထိုသို့လျှောက်ထားရာတွင်လည်း နိုင်ငံဝန်ထမ်းများအနေဖြင့် လုပ်သက်သတ်မှတ်ထားမှုမရှိဘဲ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် ကုမ္ပဏီ၏တာဝန်ရှိသူမှ ထောက်ခံချက်၊ ဝင်ငွေနည်းပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများမှထောက်ခံစာ လိုအပ်ကြောင်း သိရသည်။

ယခု မဲစနစ်ဖြင့် ပေးမည့် တိုက်ခန်းတန်ဖိုးများမှာ မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၂၂၃သိန်း၊ ပထမထပ် တစ်ခန်းလျှင် ၂၀၈သိန်း၊ ဒုတိယထပ် တစ်ခန်းလျှင် ၁၉၃ သိန်း၊ တတိယထပ် တစ်ခန်းလျှင် ၁၇၈ သိန်း၊ စတုတ္ထထပ် တစ်ခန်းလျှင် ၁၆၃သိန်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly