အက်သလက်အသင်းသို့ ပြန်ပြောင်းရန် နီးစပ်ခဲ့ဟု ဒီယေဂိုကော်စတာ ၀န်ခံ

အက်သလက်အသင်းသို့ ပြန်ပြောင်းရန် နီးစပ်ခဲ့ဟု ဒီယေဂိုကော်စတာ ၀န်ခံ

ဇန်နဝါရီ ၂၊ အင်္ဂလန် ။             ။ ပြီးခဲ့သည့် နွေရာသီက အက်သလက်တီကိုအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်ခဲ့ကြောင်း ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက ၀န်ခံပြောဆိုလိုက်သည်။

ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအတွက် ခြေစွမ်းပြပြီး ၁၄ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးပေးထားသည့် ကော်စတာသည် ရာသီမစတင်မီက အဆင်မပြေမှုများရှိခဲ့ပြီး စပိန်သို့ ပြန်ပြောင်းရန် နီးစပ်ခဲ့သည်။ အက်သလက်သို့ ပြန်ပြောင်းရန် အကြောင်းအရင်းများစွာရှိခဲ့ပြီး ထိုအထဲတွင် ဒိုင်လူကြီးများ၏ ၎င်းအပေါ် မမျှတသည့် ဆက်ဆံပုံကလည်း အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ကော်စတာက ဆိုသည်။

'အက်သလက်အသင်းကို ပြန်ပြောင်းဖို့ တော်တော်နီးစပ်ခဲ့ပါတယ်။ အကြောင်းအရင်းတွေကတော့ အများကြီးရှိပါတယ်။ မက်ဒရစ်မြို့မှာက မိသားစုရှိနေသလို ကျွန်တော့်ဘဝလည်း ရှိနေလို့ပါ။ ပြီးတော့ ဒိုင်လူကြီးတွေရဲ့ ကျွန်တော့်အပေါ် မမျှတတဲ့ ဆက်ဆံပုံကြောင့်လည်း ပြောင်းချင်ခဲ့တာပါ။ ဒါပေမဲ့ မပြောင်းဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချယ်လ်ဆီးအသင်းကြောင့်ပါ။ ဒီမှာက ချစ်ခင်ဖွယ်ကောင်းတဲ့ ပရိသတ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိနေပါတယ်။ ဒီမှာနေရတာ ပျော်ရွှင်ပြီး ရောင့်ရဲတင်းတိမ်နိုင်ပါတယ်။

ဒီမှာ ဆက်နေဖြစ်တဲ့ အဓိက အကြောင်းအရင်းတစ်ခုကတော့ နည်းပြကွန်တီကြောင့်ပါ။ သူက အသင်းကို စရောက်လာတဲ့ ပထမဆုံးအချိန်ကတည်းကိုက ကျွန်တော့်ကို အားထားတဲ့အကြောင်း   ပြောခဲ့ပါတယ်' ဒီယေဂိုကော်စတာက ဖွင့်ဟပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly