တစ်ဖက်နိုင်ငံသို့ထွက်ခွာမည့် ဘင်္ဂါလီလူမျိုး ၂၅ ဦးဖမ်းဆီးထား

တစ်ဖက်နိုင်ငံသို့ထွက်ခွာမည့် ဘင်္ဂါလီလူမျိုး ၂၅ ဦးဖမ်းဆီးထား
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၃၁ရက် နံနက်အစောပိုင်းတွင် တစ်ဖက်နိုင်ငံသို့ လှော်ခတ်သွားနေသည့် လှေနှစ်စင်းအား ပင်လယ်ပြင်လုံခြံုရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်အဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါ လက်ခတ်လောင်းလှေ နှစ်စင်းသည် ဒီဇင်ဘာ ၃၁ရက် နံနက် ၂နာရီ ၅၀ မိနစ်ခန့်က တစ်ဖက်နိုင်ငံသို့ လှော်ခတ်သွားသည်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် တပ်မတော်(ရေ) စစ်ရေယာဉ်အဖွဲ့က မီးအချက်ပြ ခေါ်ယူသော်လည်း လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ လိပ်ရကျေးရွာ၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ လှေနှစ်စင်းပေါ်တွင် မသင်္ကာဖွယ်ဘင်္ဂါလီလူမျိုး ၂၃ ဦးနှင့် လာရောက်ခေါ်ယူသည့် တစ်ဖက်နိုင်ငံသားနှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ၂၅ဦးတို့အား တရားဥပဒေအရ စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်ရန် မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly