မူလတန်း ဆရာ၊ ဆရာမများအား ပြောင်းရွေ့အရေးယူပေးရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအပေါ် တိုင်းအဆင့် ဆောင်ရွက်ပေးနေသည်ဟုဆို

မူလတန်း ဆရာ၊ ဆရာမများအား ပြောင်းရွေ့အရေးယူပေးရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအပေါ် တိုင်းအဆင့် ဆောင်ရွက်ပေးနေသည်ဟုဆို
ဓာတ်ပုံ - ရမည်းသင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ရန်ကုန်၊ ဒီဇင်ဘာလ ၃၁ ။              ။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အနောက်အုတ်ဖိုအုပ်စု၊ လက်ပံခါးလှကျေးရွာမှ ရွာသူ၊ ရွာသားများက ၄င်းကျေးရွာမူလတန်းကျောင်းရှိ ဆရာ၊ ဆရာမများအား ပြောင်းရွှေ့အရေးယူပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ခြင်းအပေါ် မန္တလေးတိုင်းဒေသကြီး ပညာရေး စီမံခန့်ခွဲမှုကော်မတီထံ ပြောင်းမိန့်ထုတ်ပေးရန် စာတင်ထားကြောင်း ရမည်းသင်းမြို့နယ်၊ တိုင်းဒေသကြီး - ၂ ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ပြောသည်။

လက်ပံခါးလှ ကျေးရွာမှ ရွာသူ၊ ရွာသား ၂၅ဝ ဝန်းကျင်ခန့်နှင့် ရမည်းသင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့မှ  ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် မူလတန်းပြ ဆရာမ (၂)ဦးနှင့် ဆရာ (၁) အား   ပြောင်းရွှေ့အရေးယူပေးရန် စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

၎င်း ဆရာ၊ ဆရာမ ၃ ဦးမှ နိုင်ငံတော်၏ ပညာရေးအသုံးစရိတ်များ အလွဲသုံးစားလုပ်နေမှုများကို ဖော်ထုတ်ပေးရန်နှင့် စာသင်ကြားရာတွင် အရည်အချင်း အားနည်းချက်များကြောင့်   ပြောင်းရွှေ့ပေးရန်   တောင်းဆိုခဲ့ကြရခြင်း ဖြစ်သည်ဟု သိရသည်။

" ကျွန်တော်တို့ကတော့ နှစ်ဖက်ညှိနှိုင်းပေးတဲ့ အလုပ်ပေါ့နော်။ မနေ့ကတော့ မြို့နယ်နဲ့ ခရိုင် ပညာရေးမှူးတွေကတော့ သူတို့ လုပ်ပိုင်ခွင့် ရှိသလောက်တော့ သွားညှိတယ်။ မနေ့ကတော့ သူတို့ညှိတဲ့ဟာကို လက်မခံလို့ ဆန္ဒပြကြတာ။ ကျွန်တော့ဘက်ကတော့ သက်ဆိုင်ရာ တိုင်းအဆင့် ပညာရေးမှူးတွေနဲ့ပေါ့ဗျာ။ ဒီဆရာ၊ ဆရာမတွေကို အသစ်ပြောင်းရွှေ့ပေးဖို့ ကျွန်တော်တောင်းဆို   ပေးထားတယ်။ သူတို့ဘက်ကလည်း ပြောင်းပေးမယ်လို့ပြောတယ် "ဟု ဦးအောင်မျိုးဦးက ဆိုသည်။

ယခင်က အဆိုပါမှုလတန်းကျောင်းတွင် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမ (၅) ဦးရှိကြောင်း၊ ကျောင်းအုပ်ကြီးမှာ စက်တင်ဘာလက ကွယ်လွန်သွားခဲ့ပြီး တစ်ဦးမှာ ပြောင်းရွှေ့သွားပြီး ကျန်ရှိ နေသည့် ဆရာ၊ ဆရာမ ၃ ဦးကို ပြောင်းရွှေ့အရေးယူပေးရန် တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါ တောင်းဆိုမှုတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ကြီးအသစ် မပါဝင်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ဦးဇော်ဝင်းသန်းက ဆိုသည်။

" အဓိကတော့ လောလောလတ်လတ် အရေးကြီးဆုံးအချက်ကတော့ ဒီဆရာ၊ ဆရာမတွေဟာ ကျောင်းမှာ စာသင်တာ ညံ့ဖျင်းမှုရယ်၊ ကျောင်းတက်ရက်တွေ ပျက်ကွက်တာရယ်၊ စည်းကမ်း မလိုက်နာတာတွေကြောင့် သူတို့ကို အရင်ဆုံး ပြောင်းရွှေ့ပြီးတော့ အစားထိုးပေးဖို့နဲ့ နောက်ထပ်ကတော့ ငွေကြေးကိစ္စတွေ ဖြေရှင်းပေးဖို့ကို ကျွန်တော်တို့ ဖြစ်စေချင်ပါတယ် "ဟု ဦးဇော်ဝင်းသန်းက   ပြောသည်။

လက်ပံခါးလှကျေးရွာမူလတန်းကျောင်းတွင် အဆိုပါ ဆရာ၊ ဆရာမများ တာဝန်ထမ်းဆောင်ခဲ့သည့်မှာ ၁၅ နှစ်ခန့် ဝန်းကျင်ရှိပြီဖြစ်ကြောင်း၊ အဆိုပါကျောင်းကိစ္စနှင့် ပတ်သက်၍ တိုင်းကြားခဲ့သည်မှာလည်း ၃ ကြိမ်ရှိပြီ ဖြစ်ကြောင်း ရွာသားတစ်ဦးဖြစ်သည့် ဆန္ဒပြပွဲဦးဆောင်သူ ဦးဇော်ဝင်းသန်း ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly