ဖားကန့်ဒေသ မြေစာပြိုမှုတွင် ပျောက်ဆုံးသူ စာရင်းများ တိုးလာမှုမရှိသေး

ဖားကန့်ဒေသ မြေစာပြိုမှုတွင် ပျောက်ဆုံးသူ စာရင်းများ တိုးလာမှုမရှိသေး
ဓာတ်ပုံ- MOI

ရန်ကုန်၊ ဒီဇင်ဘာလ ၃ဝ ။           ။ ယမန်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးမှုသူ ၂ ဦးသာရှိနေသေးပြီး လက်ရှိတွင် ပျောက်ဆုံးသူစာရင်းများ တိုးလာခြင်း မရှိသေးကြောင်း ဖားကန့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ဒီဇင်ဘာလ ၃ဝ ရက်နေ့က မဇ္စျိမသို့ အတည်ပြု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒီနေ့တော့ ဆက်ရှာနေတယ်ဗျ။ သေဆုံးတာတော့ အလောင်းတွေ ဘာတွေတော့ တွေ့တာ မရှိသေးဘူး။ ဒီနေ့ထိ အတည်ပြုထားတာတော့ ၂ ယောက်ပျောက်ဆုံး ဆိုတာပဲ ရှိပါတယ်။ ထပ်ပြီးတော့လည်း ပျောက်ဆုံးမှုသတင်း လာပို့တာလည်း မရှိဘူး "ဟု ဦးကျော်စွာအောင်က ရှင်းပြသည်။

မြေစာပြိုမှုတွင် ထိခိုက်ဒဏ်ရာ ရရှိကာ ဆေးကုသမှုခံယူနေသော အသက် ၃၅ နှစ်အရွယ် ဦးစိုးသူနှင့် အ သက် ၂၂ နှစ်အရွယ် မောင်အောင်ကျော်ဝင်းတို့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက် ၁ဝ နာရီခွဲခန့်က ဆေးရုံးမှ ဆင်းသွားပြီဖြစ်ပြီး ဦးခေါင်းပေါက်ပြဲဒဏ်ရာရှိခဲ့သည့် အသက် ၃၄ နှစ်အရွယ် ဦးဝင်းကျော်မှာ ဆက်လက် ကုသလျက်ရှိကြောင်း သိရသည်။

ပျောက်ဆုံးနေသူ ၂ ဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးမောင်ရွှေနှင့် အသက် ၃၇ နှစ်အရွယ် ဦးချစ်ကို တို့ဖြစ်သည်ဟု လက်ရှိတွင် အတည်ပြုထားသည်။

" ကျေးရွာတွေမှာလည်း လိုက်ပြီးတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို ကျွန်တော်တို့ စစ်ဆေးတဲ့ အခါမှာလည်း ပျောက်တယ်ဆိုတဲ့ အနေအထား သတင်းတက်မလာဘူး။ ပျောက်ဆုံးနေတဲ့ အဲ့ဒီနှစ် ယောက်ကိုပဲ ကျွန်တော်တို့ မြေပြိုတဲ့ထဲပါသွားပြီး သေဆုံးနိုင်တယ်လို့ အတည်ပြုထားတယ် " ဟု ဖားကန့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

အဆိုပါမြေစာပြိုမှုမှာ ဒီဇင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ယခင် မြေစာပုံပြိုကျခဲ့သည့် ကျောက်စိမ်းနန်းတော်ကုမ္ပဏီ၏ မြေပုံစာနေရာတွင် မြေစာပြိုမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒဏ်ရာရှိသူ ၃ ဦးနှင့် ပျောက်ဆုံးနေသူ ၂ ဦးရှိပြီး မြေစာလာသွန်သည့် ကားတစ်စီးပါ မြေစာပြိ်ုမှုတွင် ပါဝင်သည်။

မြေစာပုံမှာ အချိန်မရွေး ထပ်မံပြိုကျနိုင်သဖြင့် ယနေ့ရှာဖွေမှုများ ရပ်ဆိုင်းထားပြီး ယခုထိ ပျောက်ဆုံးသူ စာရင်းတိုး လာခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly