လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပေးကြပါလို့ ပြည်ထဲရေးဝန်ကြီး တိုက်တွန်း

လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပေးကြပါလို့ ပြည်ထဲရေးဝန်ကြီး တိုက်တွန်း
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၃၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြရန် ပြည်တွင်းအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအား ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်သည်။

“လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေချိန်မှာ ပြည်တွင်းအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများနှင့် စည်းစည်းလုံးလုံး တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ဆိုသည်။

၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၃၀ရက်က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးတွင် ဗဟိုအဖွဲ့၏ ဥက္ကဌလည်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ခုနှစ်တွင် လူကုန်ကူးမှု ၁၂၀မှု၊ ၂၀၁၃ခုနှစ်တွင် ၁၀၂မှု၊ ၂၀၁၄ခုနှစ်တွင် ၁၂၄မှု၊ ၂၀၁၅ခုနှစ်တွင် ၁၃၀မှုနှင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအထိ ၁၁၉မှု ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးလုပ်ငန်းအဖွဲ့ ဥက္ကဌဖြစ်သူ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly