ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရန် သဘောတူပြီးနောက် တီဗက်ဇ်မှာ ကမ္ဘာ့လစာငွေအကောင်းဆုံး ဘောလုံးသမားဖြစ်လာ

ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရန် သဘောတူပြီးနောက် တီဗက်ဇ်မှာ ကမ္ဘာ့လစာငွေအကောင်းဆုံး ဘောလုံးသမားဖြစ်လာ
 

ဒီဇင်ဘာ ၂၉၊ တရုတ် ။              ။ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်သည် ဘိုကာဂျူနီယာအသင်းမှ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

မန်ယူနှင့်မန်စီးတီးတိုက်စစ်မှူးဟောင်း တီဗက်ဇ်သည် တရုတ်ကလပ်တွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၆၅၀,၀၀၀ ရရှိမည်ဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် လစာငွေအကောင်းဆုံးဘောလုံးသမားဖြစ်လာခဲ့သည်။

အသက် ၃၂ နှစ်အရွယ်ရှိ တီဗက်ဇ်မှာ ပြီးခဲ့သည့်လက ရှန်ဟိုင်းရှန်ဟွာနည်းပြရာထူးကို ရယူခဲ့သည့် ဆန်းဒါးလန်းနည်းပြဟောင်း ပိုယက်၏လက်အောက်တွင် ကစားရမည်ဖြစ်သည်။

ရှန်ဟိုင်းရှင်ဟွာအသင်းမှာ ပြီးခဲ့သည့်ရာသီက ဒမ်ဘာဘား၊ ဂွါရင်၊ မာတင်စသည့် ထိပ်သီးကစားသမားများကို စံချိန်တင်ခေါ်ယူခဲ့ပြီး တရုတ်စူပါလိဂ်တွင် အဆင့်လေးသာ ရခဲ့သည်။

တီဗက်ဇ်မှာ ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်မှ သူ၏ငယ်မွေးခြံပေါက်ကလပ် ဘိုကာဂျူနီယာသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၅၆ ပွဲတွင် ၂၅ ဂိုးသွင်းယူကာ အာဂျင်တီးနားအမှတ်ပေးချန်ပီယံဆုနှင့် ကိုပါအာဂျင်တီးနားဖလားတို့ကို ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်သည်။

‘ကံကောင်းပါစေ ကာလီတို့စ်(တီဗက်ဇ်)။ မင်းက ငါတို့ရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ’ ဟု ဘိုကာဂျူနီယာအသင်းက တီဗက်ဇ်တွက် ဆုတောင်းပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly