NCA လက်မှတ်ထိုးထားသည့် ABSDF မှ ရဲဘော် ဦးမင်းဌေး တပ်မတော်က ဖမ်းဆီးထား

NCA လက်မှတ်ထိုးထားသည့် ABSDF မှ ရဲဘော် ဦးမင်းဌေး တပ်မတော်က ဖမ်းဆီးထား
Photo - Ko Min Htay (Facebook)
 

ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။            ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၏   မြောက်ပိုင်းဒေသမှ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို ဗန်းမော်ကားလမ်းပေါ်ရှိ သိမ်လုံဂိတ်တွင် တပ်မတော်မှ ဒီဇင်ဘာလ ၂၈ ရက်က ဖမ်းဆီးသွားသည်ဟု သိရသည်။

“အခုချိ်န်ထိ သတင်းရတာကတော့ ဗန်းမော်ကနေ လိုင်ဇာကိုအပြန် တစ်နေရာမှာ ဂိတ်က တပ်ကနေ ကားကို ခရီးသည်အားလုံးကို စစ်တာ မသင်္ကာလို့ ဆိုပြီး ခေါ်ထားတယ်။ အဲဒီလိုပဲ ကြားပါတယ်။ ကျွန်မတို့လည်း JMC မှာ တာဝန်ယူထားတဲ့ ကိုဆလိုင်းယောအောင်တို့ ကျန်တဲ့အဖွဲ့အစည်း တာဝန်ရှိတဲ့အသီးသီးကနေ သက်ဆိုင်ရာ Sources တွေနဲ့တော့ လိုက်စုံစမ်းနေတယ် ”ဟု ABSDF၏ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် မိဆူးပွင့်က ပြောသည်။

အဖွဲ့အစည်းနေဖြင့် ရဲဘော်မင်းဌေး၏ တာဝန်နှင့် သူ ခရီးထွက်ရသည့်အကြောင်းအရင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်၍ NRPC ရုံးသို့လည်း ဆက်သွယ် လုပ်ဆောင်နေသလို၊ တစ်ဖက်မှာလည်း JMC မှတဆင့် တပ်မတော်ဘက်က မည်သည့် အကြောင်းအရင်းကြောင်း ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်ဟု ရဲဘော် မိဆူးပွင့်က ပြောသည်။

“ကျွန်မတို့မြင်တာက သူက မှတ်ပုံတင်ပြန်မရသေးဘူး။ ခရီးသွားတဲ့အချိန်မှာလေ။ အဖွဲ့အစည်းထောက်ခံစာတို့၊ ခရီးသွားလက်မှတ်တို့ကလည်း ဒီအစိုးရသစ်တက်လာတဲ့   နောက်ပိုင်းမှာ   သေချာချိတ်ဆက်ပြီး လုပ်တဲ့လမ်းကြောင်းလေးတွေ သေချာ မရှိသေးဘူး ဖြစ်နေတယ်။ ခရီးသွားလက်မှတ် မကိုင်ထားဘူးလို့ ပြောတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တစ်ခုခုမေးမြန်းစရာ ရှိလို့။ နောက် ပြန်တဲ့လမ်းကြောင်းကလည်း လိုင်ဇာ ဖြစ်နေတော့ တစ်ခုခု မသင်္ကာလို့ ခေါ်ထားတာလို့ ယူဆတာပေါ့။ အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းစည်းကမ်းတွေကို ဘာမှ ချိုးဖောက်မှု မရှိဘူးဆိုရင်တော့ ဒီနေ့တော့ သူပြန်ထွက်လာရမှာပဲလို့ မျော်လင့်ပါတယ်။ အခြေအနေကို ဆက်လက် စုံစမ်းနေပါတယ်”ဟု သူက ပြောသည်။

ABSDF က NCA လက်မှတ်ရေးထိုးထားသော်လည်း လက်ရှိ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေမှုနှင့် ဆက်စပ်မှုရှိနိုင်ပြီး လက်ရှိ မြောက်ပိုင်းကျောင်းသားများသည် မှတ်ပုံတင် ပြန်လည်လျှောက်ထားသော်လည်း မရသေးခြင်းနှင့် စစ်ဖက်ဆိုင်ရာလုံခြံုရေးအဖွဲ့ (စရဖ)က မေးမြန်းမှုများ ကြံုတွေ့နေရဆဲ ဖြစ်သည်ဟု သူက ပြောသည်။

“ဆက်နွယ်ကောင်းလည်း ဆက်နွယ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီက ဝင်ပေါက်ထွက်ပေါက် တင်းကြပ်ထားတဲ့ သဘောလည်းရှိပါတယ်။ ဆိုတော့ ကျွန်မတို့ အပစ်အခတ် ရပ်စဲပြီးတော့ ဝင်ထွက်သွားလာနေတာ ကြာပြီ။ တစ်ခါမှတော့ ဒီလို မဖြစ်ဘူး။ ဒါပေမယ့် မြောက်ပိုင်းမှာရှိတဲ့ ကျောင်းသားတွေ အနေနဲ့ကြတော့ မှတ်ပုံတင်ပြန်လျှောက်ရင် မရတာတွေ၊ အခက်အခဲတွေ ရှိတာတွေ၊ တစ်ခါတလေ သွားရင်လာရင် စရဖကနေလိုက်ပြီး မေးမြန်းနေဆဲဖြစ်တာတွေ ဒီအခြေအနေတော့ ရှိနေပါသေးတယ်။

ကိုမင်းဌေးသည် နိုင်ငံရေး၊ စစ်ရေးသင်တန်းဆရာတစ်ဦးလည်း ဖြစ်ပြီး ဟောလီးဝုဒ် မင်းသား Sylvester Stallone သရုပ်ဆောင်သည့် Rambo 4 ရုပ်ရှင်တွင် တပ်မတော်မှ စစ်ဗိုလ်တစ်ဦးအနေဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags