မူးယစ်ဆေးရှာဖွေရာ ရဲတပ်ဖွဲ့ဝင်များအား ခုခံတိုက်ခံမှုဖြစ်

မူးယစ်ဆေးရှာဖွေရာ ရဲတပ်ဖွဲ့ဝင်များအား ခုခံတိုက်ခံမှုဖြစ်
ဓာတ်ပုံ - မှုခင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈ ။          ။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင်  မူးယစ်ဆေးသတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအား ခုခံတိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိက ပြောသည်။

" ပြန်လည်ခုခံပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ အတွက် ကျွန်တော်တို့လည်း လုံလောက်တဲ့ အင်အားနဲ့ လုံးထွေး ဖမ်းဆီးခဲ့တာပါ။ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ထိခိုက်ဒဏ်ရာတော့ ရရှိတာ မရှိပါဘူး"ဟု အဆိုပါ အရာရှိက ဆိုသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၁ဝ/၃၃) ရက်ကွက်၊ မြဝတ်ရည်(၂) လမ်းရှိ အမှတ် - ၅၁၆ (က) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခင်မောင်ဌေး(ခ) ဘက္ထရီ ဆိုသူက အရှည် ၁၃ လက်မခန့် ဦးချွန် စတီးပိုက်နှင့် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခုခံခဲ့ခြင်း ဖြစ်သည်။

၎င်းထံမှ ၄ ဂရမ်စီပါ ဆေးခြောက်ဟု ယူဆရသော အရွက် ခြောက် ၃ ထုပ်၊ ကြွပ်ကြွပ်အိပ်ဖြင့် ထုတ်ထားသော ဆေးခြောက်ဟု ယူဆရသော ၈ ဂရမ်ပါ ၁ ထုပ်၊ စုစုပေါင်း ၂ဝ ဂရမ် ဆေးခြောက် ၄ ထုပ် ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

" လက်ရှိအနေအထားအရတော့ ကျွန်တော်တို့ ပြောပြလို့မရသေးပါဘူး။ ကွင်းဆက်တရားခံ ဖမ်းဆီးရမိဖို့ကို ဆက်ပြီး လုပ်ဆောင်ရဦးမယ်။"ဟု ရန်ကုန်မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ဖြေကြားခဲ့သည်။

ပလပ်စတစ်ဘူးဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၆ဝ စီပါ ၂ ဘူး၊ စိတ်ကြွဆေးပြား ၅၂ ဂရမ်နှင့် မူးယစ်ဆေးဝါးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ရွှေပြည်သာမြို့မရဲတပ်ဖွဲ့မှ သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/ ၂ဝ(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရွှေပြည်သာမြို့မရဲစခန်း မှတ်တမ်းအရ သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly