ကလေးမြို့တွင် အသက်(၉) နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်

ကလေးမြို့တွင် အသက်(၉) နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်

မုံရွာ၊ ဒီဇင်ဘာ ၂၈။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် အသက်(၉)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူအား ယခုလ ၂၇ ရက်က အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် ည (၇)နာရီအချိန်ခန့်က ကလေးမြို့နယ်၊ ပြင်သာကျေးရွာတွင် အသက်(၉)နှစ်အရွယ် မိန်းကလေးအား ၄င်း၏ ဖခင်ဖြစ်သူမှ ရွာထဲရှိ နေအိမ်စျေးဆိုင်သို့ သွားရောက်စျေးဝယ်ခိုင်းခဲ့ကြောင်း သိရသည်။ စျေးဝယ်ရာမှ ပြန်လည်ရောက်ရှိလာချိန်တွင် မိန်းကလေးငယ်၏ အမူအရာ ပျက်ယွင်းနေသဖြင့် မသင်္ကာ၍ မေးမြန်းကြည့်ခဲ့ကြောင်း မိခင်ဖြစ်သူ၏ တိုင်တန်းချက်တွင် ဖော်ပြထားသည်။

ယင်းသို့ မေးမြန်းကြည့်ရာ စျေးဆိုင်ပိုင်ရှင်မှ နေအိမ်စျေးဆိုင်အတွင်းသို့ ခေါ်ဆောင်ပြီး မဖွယ်မရာ ပြုလုပ်ရန်ကြံစည်နေသဖြင့် ထွက်ပြေးလာကြောင်း ပြောပြသိရှိရသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်း   ဖြစ်ကြောင်း ရဲစစ်ချက်တွင်ဖော်ပြထားသည်။

အရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားပြုကျင့်ရန် ကြံစည်ခဲ့သူအား အရေးယူပေးပါရန် မိခင်ဖြစ်သူမှတိုင်တန်းသဖြင့် ကလေးမြို့မရဲစခန်း(ပ)၅၅၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရအမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly