ဆွမ်ဆီးနည်းပြသစ်နေရာ လျာထားစာရင်းတွင် ရွိုင်ယန်ဂစ်လည်းပါဝင်နေ

ဆွမ်ဆီးနည်းပြသစ်နေရာ လျာထားစာရင်းတွင် ရွိုင်ယန်ဂစ်လည်းပါဝင်နေ

ဒီဇင်ဘာ ၂၈၊ ဝေးလ်။            ။ ဆွမ်ဆီးအသင်းကိုကိုင်တွယ်ပြီး သုံးလအကြာတွင် ရာထူးမှထုတ်ခံရသည့် ဘရက်ဒလေ၏နေရာတွင် အစားထိုးတာဝန်ယူဖွယ် ရှိသည့် နည်းပြများစာရင်းတွင် ရွိုင်ယန်ဂစ်လည်းပါဝင်နေသည်။

မန်ယူဂန္ထဝင်ကစားသမားသည် ပြီးခဲ့သည့်အောက်တိုဘာက ဘရက်ဒလေကိုကျော်ပြီး နည်းပြသစ်အဖြစ် စဉ်းစားခံခဲ့ရသော်လည်း အတွေ့အကြံုနည်းပါးမှုနှင့် စိတ်ပျက်ဖွယ် အင်တာဗျူးတစ်ခုကြောင့် ဥပေက္ခာပြုခံခဲ့ရသည်။

သို့သော် အသင်းဥက္ကဋ္ဌ ယန်ကင်းစ်နှင့်အပြန်အလှန်ဆက်ဆံရေးတိုးတက်လာမှုကြောင့် ဆွမ်ဆီးနည်းပြရာထူးအတွက် နောက် တစ်ကြိမ် ဆွေးနွေးခွင့်ရဖွယ်ရှိနေသည်။

ဘရက်ဒလေသည် ဆွမ်ဆီးအသင်းကို ၁၁ ပွဲကိုင်တွယ်ခဲ့ရာတွင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျပြီး ခုနစ်ပွဲထိရှုံးနိမ့်ခဲ့သည်။ ဆွမ်ဆီး အသင်းမှာ ၁၂ ဂိုးသာသွင်းနိုင်ခဲ့ပြီး ၂၉ ဂိုးပြန်ပေးခဲ့ရသည်။

စနေနေ့တွင် ဘုန်းမောက်နှင့်ကစားရမည့်ပွဲအတွက် အလန်ကာတစ်နှင့် ပေါလ်ဝီလျံတို့က ယာယီနည်းပြများအဖြစ် ကိုင်တွယ်ကြ မည်ဖြစ်သည်။

နည်းပြသစ်ရာထူးအတွက် ဂစ်နှင့် ရက်ဒ်နက်ပ်တို့မှာ ချဉ်းကပ်ကမ်းလှမ်းခံရဖွယ်ရှိနေပြီး ဝေးလ်လက်ရွေးစင်အသင်းနည်းပြ ကိုးမန်းကိုလည်း ဆွမ်ဆီးအသင်းက အလိုရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags