ကြိုးဆွဲချသေဆုံးသော မိန်းကလေးအမှုအား အကြမ်းဖက်အဓမ္မမှုဖြင့် ထပ်မံအမှုဖွင့်ထား

ကြိုးဆွဲချသေဆုံးသော မိန်းကလေးအမှုအား အကြမ်းဖက်အဓမ္မမှုဖြင့် ထပ်မံအမှုဖွင့်ထား

ရန်ကုန်၊ ဒီဇင်ဘာလ ၂၇ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ အသက် ၁၈ နှစ်မိန်းကလေးတစ်ဦး ကြိုးဆွဲချသေဆုံးပြီးနောက် ယင်းအမှုအား အကြမ်းဖက်အဓမ္မမှုဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း တော်ခရမ်းအနောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြအေး ပြောပြချက်အရ သိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်က ၄င်းနေအိမ်တွင် ကြိုးဆွဲချသတ်သေသွားခြင်း ဖြစ်ပြီး မသေဆုံးမီ ဒီဇင်ဘာလ ရ ရက်နေ့၊ ည ၈ နာရီမှ စပြီး မိန်းကလေးငယ်မှာ ဘောလုံးပွဲသွား ကြည့်မည်ဆိုကာ နေအိမ်မှပျောက်ဆုံုးသွားခဲ့သဖြင့် လိုက်လံရှာဖွေခဲ့ရာ ည ၂ နာရီခန့်တွင် ရွာလယ်ကွင်းထဲမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးမြအေးက ပြောသည်။

ထိုသို့တွေ့ရှိပြီး ၆ ရက်အကြာ မိန်းကလေးငယ်မှ ကြိုးဆွဲချသေဆုံးခဲ့ပြီး မသေဆုံးမီ တစ်ရက်အလိုတွင် မိခင်ဖြစ်သူအား ၎င်းပျောက်ဆုံးသည့်နေ့မှ အကြောင်းအရာများ အသေးစိတ်ပြောပြခဲ့သည်ဟု သိရသည်။ မိန်းကလေးငယ်နှင့် ချိန်းတွေ့သူနှင့် အပေါင်းအပါနှစ်ဦးမှ အကြမ်းဖက်ရိုက်နှက်စော်ကားခဲ့ကြောင်း ပြောပြခဲ့သည်ဟု မိန်းကလေးငယ်၏ မိခင်ကဆိုသည်။

" ကလေးက မနက်လို အစောကြီးဆုံးမယ်ဆိုရင် ညဘက်ကတည်းက အကြောင်းစုံ အကုန်ပြောပြပါတယ်။ သူ့ကို ကောင်လေးခေါ်သွားတယ်ပေါ့။ သူနဲ့ ကြိုက်တာမှန်တယ်။ သူနဲ့ တွေ့တာ သုံးခါရှိပြီတဲ့။ ဒါကြောင့် ယုံပြီးတော့ သူ့ရည်စားခေါ်တဲ့နောက်ကို လိုက်တယ်တဲ့။ မိဘအနေနဲ့တော့ အဲ့ဒီအမှုကိစ္စကို အမြန်လည်း ဖော်ထုတ်စေချင်ပါတယ်။ ကျွန်မ သမီး ခံစားရသလိုပဲ သူတို့ကိုလည်း အပြစ်ဒဏ် ပေးစေချင်တယ် "ဟု မိခင်ဖြစ်သူက ပြောသည်။

အဆိုပါအမှုကို ဒီဇင်ဘာလ ၁၅ ရက်က ကွမ်းခြံကုန်းမြ်ို့နယ်ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားရာမှ မိဘများ၏ ပြန်တိုင်ကြားမှုအရ အကြမ်းဖက်အဓမ္မမှုဖြင့် အမှုဖွင့်ထားကြောင်း၊ လက်ရှိတွင် မသင်္ကာသူများကို အဆင့်ဆင့် စစ်ဆေးဆောင်ရွက်နေကြောင်း ကွမ်းခြံကုန်းမြို့မရဲစခန်း ယာယီစခန်းမှူး အမှုစစ် ဦးဝဏ္ဏအောင် ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly