တရုတ် ရေတပ်က လေယာဉ်တင်သင်္ဘောဖြင့် စစ်ရေးလေ့ကျင့်စဉ် ထိုင်ဝမ်က ရန်သူခြိမ်းခြောက်မှု တစ်နေ့တစ်ခြား ကြီးထွားလာနေဟု သတိပေး

တရုတ် ရေတပ်က လေယာဉ်တင်သင်္ဘောဖြင့် စစ်ရေးလေ့ကျင့်စဉ် ထိုင်ဝမ်က ရန်သူခြိမ်းခြောက်မှု တစ်နေ့တစ်ခြား ကြီးထွားလာနေဟု သတိပေး

တိုင်ပေ၊ ဒီဇင်ဘာ ၂၇ ။               ။ တရုတ်၏ တစ်ခုတည်းသော လေယာဉ်တင်သင်္ဘောက ဦးဆောင်လျက် စစ်သင်္ဘောမျာက ပုံမှန်စစ်ရေးလေ့ကျင့်မှုအတွက် တောင်တရုတ်ပင်လယ်ကို ဖြတ်ကာ ဟိုင်နန်ကျွန်းသို့ ဦးတည်ရွက်လွှင့်စဉ် ထိုင်ဝမ်က “မိမိတို့၏ ရန်သူများ ခြိမ်းခြောက်မှုက တစ်နေ့တစ်ခြား ကြီးထွားလာနေသည်”ဟု သတိပေးပြောလာသည်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိုင်ဝမ်သမ္မတ ထိုက်အန်ဝန်းသို့ ဖုန်းတိုက်ရိုက်ပြောဆိုခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံက မိမိပိုင်အဖြစ် သတ်မှတ်ထားသော ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာစဉ် ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုက တစ်နေ့တစ်ခြား ကြီးထွားလာနေတယ်။ ကျွန်တော်တို့အနေနဲ့ တိုက်ခိုက်ရေးသတိရှိမှုကို အမြဲနိုးကြားနေသင့်တယ်။”ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဖန်ရှိခန်းက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ စစ်သားတွေကို လေ့ကျင့်ထားပေးရေး အားကောင်းဖို့လိုတယ်။ ဒါမှ တိုက်ပွဲတွေမှာ ရှင်သန်ရစ်မှာဖြစ်သလို ရန်သူတွေကို ချေမှုန်းနိုင်ပြီး စစ်ဆင်ရေးကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်မှာဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။

အကြီးတန်းစစ်ရာထူးများ ခန့်အပ်မှုအခမ်းအနားတွင် ဖန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်စစ်သင်္ဘောများက ဂျပန် မီယာကိုနှင့် အိုကီနာဝါ ကျွန်စုများကြား ဖြတ်ကာ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်ကြား ဘာရှီရေလက်ကြားကိုဖြတ်လျက် ထိုင်ဝမ်ကို လှည့်လည်ခုတ်မောင်းခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly