ရုရှစစ်ဘက်လေယာဉ်ပျက်ကျမှု အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြော

ရုရှစစ်ဘက်လေယာဉ်ပျက်ကျမှု အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြော

ဒီဇင်ဘာ ၂၆ ။                   ။ ဒီဇင်ဘာလ ၂၅ ရက်က ပင်လယ်နက်တွင်းသို့ ပျက်ကျသွားခဲ့သည့် ရုရှစစ်လေယာဉ်တစ်စီးပေါ်မှ လိုက်ပါသွားသူ ၉၂ ဦးစလုံး သေဆုံးခဲ့ရဖွယ်ရှိနေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်လေယာဉ်သည် နှစ်သစ်အထိမ်းအမှတ်အခမ်းအနားတစ်ခုအတွက် ဆီးရီးယားသို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် စစ်တပ်တာဝန်ရှိသူများ၊ စစ်တပ်ဂီတအဖွဲ့သားများနှင့် ခရီးသည်များအပါအဝင် ၉၂ ဦး လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။

Tu-154 လေယာဉ်မှာ တောင်ပိုင်းမြို့ Adler မှ စတင်ထွက်ခွာပြီး အချိန်အနည်းငယ်အကြာတွင် ပင်လက်နက်တွင်း ထိုးဆင်းကျသွားခဲ့ခြင်းဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Igor Konashenkov က ပြောသည်။

ယင်းလေယာဉ်မှာ ပျံတက်ပြီး နှစ်မိနစ်အကြာ ရေဒါပေါ်မှ ပျောက်ကွယ်သွားခဲ့သည်ဟု သိရသည်။

ယခုအခါ လေယာဉ်ပျက်ကျရာနေရာသို့ သွားရောက်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ယခုထက်ထိ ဆိုချီမြို့ ကမ်းရိုးတန်းပြင်ပတွင် အလောင်းဆယ်လောင်း ဆယ်ယူရရှိထားပြီဖြစ်ကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူ မရှိနိုင်တော့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်လက်၍ ရှာဖွေရေးလုပ်ငန်းများ ပိုမိုတွင်ကျယ်ရန် နောက်ထပ် ရေငုပ်သမား ၁၀၀ ဦးနှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အာဏာပိုင်များက ပြောသည်။

" Tu-154 လေယာဉ်ရဲ့ အပျက်အစီးအပိုင်းအစတွေကို ဆိုချီကမ်းရိုးတန်းအလွန် ၁ ဒသမ ၅ ကီလိုမီတာလောက်မှာ တွေ့ထားပါတယ်" ဟု ၀န်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းလေယာဉ်မှာ ဆီးရီးနိုင်ငံ အနောက်ပိုင်းရှိ ရုရှလေတပ် အခြေစိုက်စခန်းသို့ ပျံသန်းစဉ် ပျက်ကျသွားခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags