လာမည့်စျေးကွက်တွင်အသင်းပြောင်းနိုင်သည်ဟု မော်ဂန် ရှနိုက်ဒါလင်းကို မော်ရင်ဟိုအသိပေး

လာမည့်စျေးကွက်တွင်အသင်းပြောင်းနိုင်သည်ဟု မော်ဂန် ရှနိုက်ဒါလင်းကို မော်ရင်ဟိုအသိပေး

ဒီဇင်ဘာ ၂၅၊ မန်ချက်စတာ။             ။ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းမှထွက်ခွာနိုင်ကြောင်း ကွင်းလယ် ကစားသမား မော်ဂန် ရှနိုက်ဒါလင်းကို မော်ရင်ဟိုက အသိပေးထားသည်။

လက်ရှိရာသီပြိုင်ပွဲစုံ ရှစ်ပွဲသာကစားထားရပြီး နည်းပြမော်ရင်ဟိုလက်ထက်တွင် အနာဂါတ်ဝေဝါးနေသည့် ပြင်သစ်ကွင်းလယ် ကစားသမားကို ဝက်စ်ဘရွန်းအသင်းက ပေါင် ၁၈ သန်းခန့်ဖြင့် လိုချင်နေသည်။

ဆန်းဒါးလန်းနှင့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက “မော်ဂန်က ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်ပါ။ ထူးချွန်တဲ့ကောင်းလေးတစ်ယောက်ပါ။ သိပ်ရိုးသားပွင့်လင်းပါတယ်။

သဘောထားကြီးတဲ့သူ့အတွက် ကျွန်တော့်အဖြေကလည်း ရိုးရိုးလေးပါပဲ။ သူ့ကျွန်တော့်အတွက်ပုံမှန်ကစားပေးချင်တယ်လို့ပြော လာရင် ကျွန်တော့်မှာ ငြင်းပိုင်ခွင့်ရှိပါတယ်။

ပျော်ရွှင်ချင်ပေမယ့် ပွဲကစားခွင့်မရဖြစ်နေတဲ့ ကစားသမားတစ်ယောက်ကိုတော့ ဘယ်မှမသွားနဲ့လို့ ကျွန်တော့်မှာပြောပိုင်ခွင့်မရှိ ပါဘူး။

ဒါကြောင့် မှန်ကန်တဲ့ကမ်းလှမ်းမှုလည်းဖြစ်မယ်၊ မော်ဂန်လိုသိပ်ကောင်းတဲ့ကစားသမားတစ်ယောက်အတွက် သင့်တော်တယ်လို့ ဘုတ်အဖွဲ့လည်းစဉ်းစားမယ်ဆိုရင် ကျွန်တော့်ရဲ့အဖြေကတော့ ကျွန်တော်တားဆီးသွားမှာမဟုတ်ဘူး ဆိုတာပါပဲ”ဟု ပြောသည်။

အိုးထရက်ဖို့ဒ်တွင် ဆန်းဒါးလန်းနှင့်ကစားရမည့်ပွဲမှာ ရှစ်ရက်အတွင်းကစားရမည့်သုံးပွဲအနက် ပထမဆုံးပွဲဖြစ်သည်။ အခြား တစ်ဖက်တွင် ပရီးမီးယားလိဂ်ဦးဆောင်သူချယ်လ်ဆီးတို့မှာ ၁၀ ရက်အတွင်း သုံးပွဲကစားရမည်ဖြစ်သည်။

“ပွဲကျပ်ကာလက တစ်ချို့ကလပ်တွေအတွက်ပါပဲ။ အသင်းတိုင်းအတွက်တော့ မဟုတ်ပါဘူး။ တစ်ချို့ကလပ်တွေအတွက် ပွဲတွေက ပြွတ်သိပ်နေပါတယ်။

ပွဲစဉ်ဇယားကြည့်ရတာ တစ်ချို့ကလပ်တွေကိုအနားပေးဖို့ရွေးထားပုံရပြီး တစ်ခြားကလပ်တွေကိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဒါကို ကျင့်သားရနေပါပြီ” ဟု မော်ရင်ဟိုက ဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly