ပီအက်စ်ဂျီအသင်းသို့ပေါင် ၃၄ သန်းဖြင့် ဒရက်စ်လာပြောင်းရွှေ့

ပီအက်စ်ဂျီအသင်းသို့ပေါင် ၃၄ သန်းဖြင့် ဒရက်စ်လာပြောင်းရွှေ့

ဒီဇင်ဘာ ၂၅၊ ပဲရစ်။             ။ ဂျာမန်ကလပ်ဝုဖ်ဘတ်တောင်ပံကစားသမား ဂျူလီယန်ဒရက်စ်လာသည် နောက်ဆုံးတွင် ပီအက်စ်ဂျီအသင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဂျာမနီလက်ရွေးစင်ကစားသမားသည် ပြင်သစ်ထိပ်သီးကလပ်နှင့် လေးနှစ်ခွဲစာချုပ်လိုက်သည်။ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် ဝုဖ်ဘတ်အသင်းလိုချင်သည့် ပေါင် ၃၄ သန်းဖြင့် စျေးတည့်ခဲ့ပြီးနောက် စနေနေ့တွင် တရားဝင် အတည်ပြု လိုက်ခြင်းဖြစ်သည်။

ဂျာမန်သတင်းစာ BILD သည် ယင်းနေ့အစောပိုင်းကတည်းက ဒရက်စ်လာသည် ၎င်း၏အမည်ပါ ကျောနံပါတ် ၂၃ ပီအက်စ်ဂျီ အကျႌကို ပီအက်စ်ဂျီအသင်းဘောလုံးဒါရိုက်တာ ကလွိုက်ဗက်နှင့်အတူကိုင်ဆောင်ထားပုံကို ဖော်ပြခဲ့သည်။

ယင်းသို့ဖော်ပြခံရပြီး နှစ်နာရီအကြာတွင် အပြောင်းအရေအရွှေ့သတင်းကို ဝုဖ်ဘတ်ကအတည်ပြုခဲ့ပြီး ဇန်နဝါရီလတွင် ဖြစ်ပေါ် လာမည်ဟု အသင်းဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည်။

“ဝုဖ်ဘတ်ကနေ ဂျူလီယန်ဒရက်စ်လာထွက်ခွာမှာဖြစ်ပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းမှာပါ။ ဆေးစစ်မှုခံယူရပါဦးမယ်။ အသက် ၂၃ နှစ်အရွယ်တိုက်စစ်သမားက လိဂ်-၁ လက်ရှိချန်ပီယံနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်း ပီအက်စ်ဂျီနဲ့ လေးနှစ်ခွဲသက် တမ်းရှိစာချုပ်အတွက် သဘောတူခဲ့ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီး စာချုပ်ပါအသေးစိတ်အချက်အလက်တွေကိုလျှို့ဝှက်ထားဖို့ နှစ်သင်းလုံးက သဘောတူထားပါတယ်”ဟု ဝုဖ်ဘတ်အသင်း ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly