၁၄ ဦး သေဆုံးခဲ့သော မလေးရှား ခရီးသည်ဘတ်စ်ကား မတော်တဆမှုဖြစ်စဉ်တွင် မြန်မာနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ဟု သိရ

၁၄ ဦး သေဆုံးခဲ့သော မလေးရှား ခရီးသည်ဘတ်စ်ကား မတော်တဆမှုဖြစ်စဉ်တွင် မြန်မာနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ဟု သိရ

ဒီဇင်ဘာ ၂၄ ။             ။ မလေးရှားနိုင်ငံ Johor ပြည်နယ် Pagoh မြို့အနီး တောင်-မြောက်အဝေးပြေးလမ်းမပေါ်တွင် အဝေးပြေးဘတ်စ်ကားတစ်စီး ဒီဇင်ဘာ ၂၄ ရက်က လျိုတစ်ခုထဲ ထိုးကျသွားခဲ့ရာ ၁၄ ဦးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် တာဝန်ရှိသူများ၏ အတည်ပြုချက်အရ သေဆုံးသူ ၁၄ ဦးရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသွားသူများထဲတွင် မြန်မာနိုင်ငံသားနှစ်ဦးလည်း ပါ၀င်နေသည်ဟု သိရပြီး အသေးစိတ် အချက်အလက်များကို မသိရသေးပေ။

နံနက် ၃ နာရီခွဲခန့်တွင် ဖြစ်ခဲ့သော ယင်းယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများထဲတွင် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ခရီးသည် ၁၃ ဦး၊ ဒရိုင်ဘာဖြစ်သူတို့ ပါ၀င်သည်ဟု Muar မြို့ရဲတပ်ဖွဲ့အကြီးအကဲ Azman Ayob က ပြောသည်။

လူ ၃၀ ထိ လိုက်ပါလာခဲ့သော အဆိုပါ ဘတ်စ်ကားသည် Johor Bahru မှ Kuala Lumpur သို့ သွားရောက်ခဲ့စဉ် ယခုကဲ့သို့ မတော်တဆမှုနှင့် ကြံုတွေ့ခဲ့ရခြင်းဖြစ်သည်။

ဒဏ်ရာရရှိသွားသူများထဲတွင် စင်ကာပူနိုင်ငံသားခြောက်ဦး၊ မလေးရှားနိုင်ငံသား ခုနစ်ဦးနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့ ပါ၀င်ကြောင်းနှင့် အခြားဒဏ်ရာရရှိထားသူ အမျိုးသမီးတစ်ဦးကို အတည်မပြုနိုင်သေးကြောင်း ကနဦးစုံစမ်းမှုများအရ သိရသည်။

မျက်မြင်တွေ့ရှိသူများ၏ အဆိုအရယင်းဘတ်စ်ကားမှာ မတော်တဆမှုမဖြစ်ခင် အရှိန်များနေခဲ့သည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly