လစ်ဗျားလေယာဉ်အပိုင်စီးသူများ မော်လ်တာတွင် လက်နက်ချ အဖမ်းခံ

လစ်ဗျားလေယာဉ်အပိုင်စီးသူများ မော်လ်တာတွင် လက်နက်ချ အဖမ်းခံ

ဒီဇင်ဘာ ၂၄ ။                ။ ခရီးသည် ၁၁၇ ဦးလိုက်ပါလာသော လစ်ဗျားလေယာဉ်တစ်စီးကို လက်နက်အတုများဖြင့် ခြိမ်းခြောက်ကာ မော်လ်တာနိုင်ငံသို့ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့သော   လေယာဉ်ပြန်ပေးဆွဲသူနှစ်ဦးမှာ ယခုအခါ ခရီးသည်များကို ပြန်လွှတ်ပေးခဲ့ပြီး ကိုယ်တိုင်လက်နက်ချ အညံ့ခံခဲ့သည်ဟု သိရသည်။

လေယာဉ်အမှတ် Airbus A320 လေယာဉ်မှာ လစ်ဗျားတောင်ပိုင်းမှ မြို့တော် ထရီပိုလီသို့ ဦးတည်ပျံသန်းလာခဲ့စဉ် လေယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးက အပိုင်စီးခြိမ်းခြောက်ကာ မော်လ်တာသို့ ဦးတည်ပျံသန်းဆင်းသက်စေခဲ့ခြင်းဖြစ်သည်။

ကနဦး အခြေအနေများအရ ၎င်းပြန်ပေးသမားများမှာ လက်ပစ်ဗုံးတစ်လုံးကို ကိုင်ဆောင်ထားသည်ဟု ထင်ခဲ့ရပြီး ပစ်စတိုသေနတ်တစ်လက်လည်း ကိုင်ထားသည်ဟု သိထားခဲ့ရသော်လည်းနောက်ပိုင်း ယင်းလက်နက်များမှာ အတုများသာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု မော်လ်တာအစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

လစ်ဗျားနိုင်ငံသားများဟု ကနဦးသိထားရသော အဆိုပါအမျိုးသားများကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း မော်လ်တာဝန်ကြီးချုပ် ဂျိုးဆက်ပ် မက်စကပ်က ပြောသည်။

ယခုဖြစ်စဉ်တွင် ပြန်ပေးသမားများသည် အစပိုင်းတွင် လေယာဉ်အမှုထမ်းလေးဦးမှအပ ကျန်ခရီးသည်အားလုံးကို လွှတ်ပေးကာ ဆွေးနွေးမှုများ လုပ်ဆောင်နေခဲ့ပြီးမှ   နောက်ထပ်အခြေအတင်   ဆွေးနွေးမှုများနောက်ပိုင်း နောက်ဆုံးကျန်ရှိသူအားလုံးကို လွှတ်ပေးကာ ကိုယ်တိုင်လည်း လက်နက်ချအဖမ်းခံသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags