ဒရက်စ်လာကို ခေါ်ရန်ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ငွေမက်သည့် ကစားသမားများကို ကလော့ပ်ဝေဖန်

ဒရက်စ်လာကို ခေါ်ရန်ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ငွေမက်သည့် ကစားသမားများကို ကလော့ပ်ဝေဖန်

ဒီဇင်ဘာ ၂၄၊ လီဗာပူးလ်။         ။ ငွေနောက်လိုက်သည့် ကစားသမားများကို ခေါ်ယူလိုခြင်းမရှိဟု လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြောဆိုလိုက်သည်။

သို့သော် ဂျာမန်စတားဒရက်စ်လာကို ကာတာသူဋ္ဌေးများ၏ ကြွယ်ဝမှုကျောထောက်နောက်ခံရှိသော ပီအက်စ်ဂျီအသင်းနှင့် အပြိုင်ခေါ်ယူရန် ကြိုးပမ်းမှု မအောင်မြင်သည့်နောက်မှ လီဗာပူးလ်နည်းပြက ၎င်းအနေဖြင့် အောင်မြင်မှုနောက်လိုက်သည့် ကစားသမားများကိုသာ ခေါ်ယူစာချုပ်မည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်း၏ မြင့်မားလွန်းသည့်ကမ်းလှမ်းမှုကိုသာ ဝုဖ်ဘတ်တောင်ပံကစားသမား ဒရက်စ်လာက ရွေးချယ်သွားခြင်းကို စိတ်ပျက်နေသည့် ကလော့ပ်က “ငွေကြေးကိုပဲ ယုံကြည်တယ် ဆိုတဲ့သူဟာ ဂုဏ်သိက္ခာကို အမှန်တကယ်လိုအပ် လာတဲ့အခါ ရမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ယုံကြည်ထားပါတယ်။

ကစားသမားတွေအနေနဲ့ တရားလွန်ငွေကြေး၊ သင့်တော်တဲ့ငွေကြေးတွေ ရနိုင်တယ်ဆိုတာကို သိထားသင့်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရူးမိုက်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ကောင်းမွန်တဲ့သွင်ပြင်လက္ခဏာကိုသာ ကစားသမား တွေ ယုံကြည်စေချင်ပါတယ်။

ငွေကြေးကြောင့်လီဗာပူးလ်ကိုဘယ်သူမှ စွန့်ခွာမှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ငွေပိုပေးနိုင်တဲ့ ကလပ်နည်းနည်းပဲရှိပြီး ကစားသမား တွေအနေနဲ့ ပြောင်းခွင့်ရတယ်ဆိုရင် အဲဒီအသင်း အနည်းငယ် ဆီကို   ပြောင်းကြပါ။ဒါပေမဲ့ ကျန်တဲ့အသင်းအားလုံးကတော့ ကစားသင့်တဲ့ နေရာချည်းပါပဲ။

ကျွန်တော်အကောင်းမြင်နေတာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ လီဗာပူးလ်ဟာ ကစားသမားတွေအတွက် ခြေစွမ်းတိုးတက်ဖို့ တကယ်ကောင်းတဲ့နေရာပါ။

ကျွန်တော်တို့က ကစားသမားတွေယုံကြည်အောင် ငွေနဲ့ဆွဲဆောင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဘယ်လိုသွားနေလဲဆိုတဲ့ နည်းလမ်းကိုသာ သူတို့ကို ယုံကြည်စေချင်တာပါ။

တိုးတက်ချင်တဲ့ကစားသမားတွေကိုလိုချင်ပါတယ်။ ဒါက ဆောင်းရာသီစျေးကွက်အတွက် သာမကပါဘူး။ နောက်နှစ်အနည်းငယ် အတွက်ပါ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့ ကစားသမားတွေရှိနေပြီး ပူးပေါင်းချင်တယ်ဆိုရင်တော့ လာခဲ့ပါ၊ ကြိုဆိုနေပါတယ်”ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly