စာချုပ်သစ်အတွက် အာဆင်နယ်အသင်းကို ဧပြီလအထိ အာစင်ဝင်းဂါး စောင့်ခိုင်းထားမည်

စာချုပ်သစ်အတွက် အာဆင်နယ်အသင်းကို ဧပြီလအထိ အာစင်ဝင်းဂါး စောင့်ခိုင်းထားမည်

ဒီဇင်ဘာ ၂၄၊ လန်ဒန်။             ။ အာစင်ဝင်းဂါးသည် နှစ် ၂၀ ကြာကိုင်တွယ်ခဲ့သော အာဆင်နယ်အသင်းကို ဆက်လက်ကိုင်တွယ်မည် သို့မဟုတ် ထွက်ခွာမည်ကို ဆုံးဖြတ်ရခြင်းမရှိသေးမီ အာဆင်နယ်အသင်းအား ဧပြီလအထိစောင့်ခိုင်းထားလိမ့်မည်ဟု ဒေးလီးမေးလ်သတင်းတွင် ဖော်ပြ ထားသည်။

လက်ရှိစာချုပ်မှာ မေလတွင်ကုန်ဆုံးမည်ဖြစ်သော်လည်း အသက် ၆၇ နှစ်အရွယ်ဝင်းဂါးသည် စာချုပ်မကုန်မီတစ်လအလိုထိ အလျင်စလိုဆုံးဖြတ်မည်မဟုတ်ပေ။

လက်ရှိအခြေအနေကိုထိန်းထားမည်ဖြစ်ပြီး နောက်ကျပြီးမှဆုံးဖြတ်လျှင်လည်း အကယ်၍အသင်းမှ ထွက်ခွာဖြစ်ပါက အဆင်ပြေ မည်ဟု အာစင်ဝင်းဂါးကပြောသည်။ အာစင်ဝင်းဂါးသည် ၂၀၁၄ မေလက နောက်ဆုံးချုပ်ဆိုသည့် သုံးနှစ်စာချုပ်ကိုလည်း နောက်ဆုံးမိနစ်တွင်မှ သဘောတူခဲ့ခြင်းဖြစ်သည်။

“နွေရာသီမှာ ကျွန်တော့်အဆင့်ဘယ်လောက်ရောက်နေလဲ သိရပြီးမှ ဆုံးဖြတ်ချက်ချမှာပါ။ ကလပ်ကလည်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော်ဒီမှာ အကြာကြီး ရှိနေခဲ့တဲ့အတွက် ကျွန်တော့်မှာလည်း အခွင့်အာဏာ တစ်ချို့ရှိနေလို့ပါ။ ကျွန်တော်တို့က တစ်လှေတည်းစီးနေကြတာပါ” ဟု ဝင်းဂါးကပြောသည်။

အင်္ဂလိပ်ဘောလုံးလောက၌ အာစင်ဝင်းဂါးက အသင်းတစ်သင်းတည်းကို သက်တမ်းအရှည်ဆုံးကိုင်တွယ်နေသည့် လက်ရှိ နည်းပြဖြစ်နေသည်။ အက်စ်တာစီးတီးနည်းပြ ပေါလ်တစ်ဒေးလ်သည် ဝင်းဂါးထက် ၁၀ နှစ်နောက်ကျသည်။ ပရီးမီးယားလိဂ်တွင် အနီးကပ်ဆုံးအဖြစ် ဘုန်းမောက်အသင်းကို လေးနှစ်ကြာကိုင်တွယ်နေသည့် အက်ဒီဟိုဝီတစ်ဦးသာ ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly