မန်ယူအသင်းက စီရော်နယ်ဒို၊ ဘေးလ်တို့ကို ခေါ်ယူပေးနိုင်ခြင်း မရှိခဲ့ဟု မိုယက်စ်ဆို

မန်ယူအသင်းက စီရော်နယ်ဒို၊ ဘေးလ်တို့ကို ခေါ်ယူပေးနိုင်ခြင်း မရှိခဲ့ဟု မိုယက်စ်ဆို

ဒီဇင်ဘာ ၂၄၊ မန်ချက်စတာ။               ။ မိမိမန်ယူအသင်းကို ကိုင်တွယ်စဉ် အသင်းက စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်စသည့် ကမ္ဘာ့အဆင့် ကစားသမားများကို   အောင်မြင်စွာခေါ်ယူပေးနိုင်ခြင်း မရှိခဲ့ဟု ဒေးဗစ်မိုယက်စ်ကပြောဆိုလိုက်သည်။

ဘောက်ဆင်ဒေးတွင် အိုးထရက်ဖို့ဒ်သို့ ပထမဆုံးပြန်မရောက်မီ ဆန်းဒါးလန်းနည်းပြက မန်ယူအသင်းကိုကိုင်တွယ်စဉ်က အပြောင်းအရွှေ့လျှို့ဝှက်ချက်များကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

မန်ယူအသင်းကိုစတင်ကိုင်တွယ်ချိန်တွင် အသင်းထံမှ ကြယ်စင်စုကစားသမားများကိုခေါ်ပေးမည်ဆိုသော ကတိရခဲ့သော်လည်း ဖယ်လိုင်နီကို ခေါ်ယူခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။

စီရော်နယ်ဒိုကို ရီးယဲလ်အသင်းထံမှပြန်ခေါ်ပေးမည်၊ ယင်းနောက် စပါးတွင်ရှိနေသည့် ဂါရတ်ဘေးလ်ကိုခေါ်ပေးမည်၊ မိမိ၏နံပါတ်တစ်ပစ်မှတ် ဖာဘရီဂတ်စ်ကိုလည်း ဘာစီလိုနာအသင်းထံမှခေါ်ပေးမည်ဟု ကတိပေးခံခဲ့ရကြောင်း မိုယက်စ်က ဆိုသည်။

နောက်နှစ်နွေရာသီတွင်လည်း ဘိုင်ယန်မြူးနစ်မှ တိုနီခရူးစ်ကိုခေါ်မည်ဟု မိုယက်စ်ကစီစဉ်ခဲ့သော်လည်း မန်ယူအသင်းကို ၁၀ လကြာသာကိုင်တွယ်ခွင့်ရပြီး ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။

“ကျွန်တော့်ရဲ့ ပထမဆုံးအမှန်တကယ်ပစ်မှတ်က ဂါရတ်ဘေးလ်ပါ။ သူမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာလိမ့်မယ် လို့ ကျွန်တော်တစ်ချိန်လုံးထင်ခဲ့မိတယ်။

နောက်ဆုံးမိနစ်ထိကြိုးစားခဲ့သေးတယ်။ ရီးယဲလ်မက်ဒရစ်ထက်ပိုများတဲ့စျေးနဲ့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ ဘေးလ်ကတော့ ရီးယဲလ်ကိုပြောင်းဖို့ပဲ စိတ်ထဲရှိတယ်။

နောက်တစ်ယောက်က ဖာဘရီဂတ်စ်ပါ။ သူ့ကိုလည်းခေါ်နိုင်မယ်လို့ နောက်ဆုံးမိနစ်ထိ တွေးခဲ့မိသေးတယ်။ ဆာအဲလက်စ်နဲ့ ပထမဆုံးတွေ့တုန်းက စီရော်နယ်ဒိုပြန်လာနိုင်ချေရှိတယ်လို့ သူအမြဲပြောခဲ့တာကိုလည်း ကျွန်တော်မှတ်မိနေသေးတယ်။

ဒါကြောင့်သူ့ကိုလည်း ကျွန်တော်တို့ ပစ်မှတ်ထားခဲ့တယ်။ ကျွန်တော်ကစားသမား ခုနစ်ယောက်၊ ရှစ်ယောက်လောက်ခေါ်ချင်ခဲ့ တာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ လိဂ်မှာဗိုလ်စွဲနိုင်တဲ့လူစာရင်းကို ကျွန်တော်တို့ ပိုင်ဆိုင်ထားလို့ပါ။

တိုနီခရူးစ်က နွေရာသီမှာရောက်လာမယ်လို့ သဘောတူထားခဲ့တယ်။ တိုနီ၊ သူ့အေးဂျင့်တို့နဲ့ ကျွန်တော်သဘောတူထားခဲ့တာပါ” ဟု မိုယက်စ်က ပြောသည်။

ကမ္ဘာ့အဆင့်ကစားသမားအချို့ကို ခေါ်နိုင်ခဲ့လျှင် မန်ယူကို ဆက်လက်ကိုင်တွယ်ခွင့် ရနေဦးမည်ဟုလည်း မိုယက်စ်ကယုံကြည်နေ သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly