“BRT စနစ်လား အခွင့်ထူးခံ ရိုးရိုး ဘတ်စ်ကား လိုင်းလား ”

“BRT စနစ်လား အခွင့်ထူးခံ ရိုးရိုး ဘတ်စ်ကား လိုင်းလား ”

အခုရက်ပိုင်း စီးပွားရေးလောကထဲ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ သတင်းတစ်ပုဒ် ကတော့ ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်း ပြေးဆွဲဖို့ ယာဉ် အစီးရေ ၆၀ ကနေ ၁၀၀ အကြား ဝယ်ယူဖို့ တင်ဒါခေါ်တဲ့ သတင်းပါ။ သတင်းကို လူတွေ စိတ်ဝင်စားသွားရခြင်း အကြောင်းကတော့ ကားတင်သွင်းပေးမယ့် ကုမ္ပဏီတွေအနေနဲ့ တင်ဒါ စိတ်ဝင်စားကြေး ကျပ်ငွေ တစ် ဘီလီယံ ယူနိုက်တက် အမရာဘဏ်မှာ သွင်းပြီးမှ တင်ဒါယှဉ်ပြိုင် ခွင့်ရမယ် ဆိုတာကြောင့်ပါ။

အဲဒီလို စိတ်ဝင်စားဖွယ် တင်ဒါခေါ်တဲ့ အများပိုင် ကုမ္ပဏီဆိုတာ ဘယ်လိုမျိုးလဲ။ သူတို့ လုပ်ငန်းက ဘာလဲ၊ ရန်ကုန်မှာ ဘတ်စ်ကားလိုင်း အသစ်ပြေးဆွဲမှုကြောင့် ပြည်သူတွေ အဆင်ပြေလာမှာလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခု ဘတ်စ်ကားတွေ သွင်းကြပါဆိုပြီး တင်ဒါခေါ်တဲ့ ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီကို အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ် ရင်းနှီးမြှုပ်နှံ ပူးပေါင်းထူထောင်မယ့် အများပိုင်ကုမ္ပဏီလို့ ဆိုထားပါတယ်။ အစိုးရဘက်က ကျပ် ၁၀ ဘီလီယံ ပုဂ္ဂလိက ဘက်က ကျပ် ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံကြမှာဖြစ်ပြီး အများပိုင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်တော့ မကျသေးဘူးလို့ သိရပါတယ်။ မှတ်ပုံတင် ကျလာရင် အများပြည်သူကို အစုရှယ်ယာတွေ ထုတ်ရောင်းမယ်။

အဲဒီမှာအစုရှယ်ယာတွေ ထည့်ဝင်ဖို့ရွှေတောင်လို၊ ရွှေသံလွင်လို၊ ဒိုင်းမွန်းစတားလို နာမည်ကြီးကုမ္ပဏီကြီးတွေက စိတ်ဝင်စားနေ တယ်ဆိုပြီးလည်း အသံတွေ ထွက်နေပါတယ်။ တကယ့် နာမည်ကြီး ကုမ္ပဏီတွေက ဒီလုပ်ငန်းကို ဘာကြောင့် စိတ်ဝင်စားနေကြ သလဲ မေးခွန်းထုတ်စရာပါ။

နဂိုတုန်းကတော့ ဒီကုမ္ပဏီဟာ ရန်ကုန်ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတစ်လျှောက် BRT စနစ် သုံးပြီး ဘတ်စ်ကားတွေပြေး ဆွဲမယ်လို့ ဆိုထားပါတယ်။ BRT စနစ်ဆိုတာဟာ အများပြည်သူ အသုံးပြုနေတဲ့ လမ်းပေါ်မှာပဲ အဲဒီဘတ်စ်ကားလိုင်းအတွက် သီးသန့် လမ်းတစ် လမ်းပေးပြီး ပြေးဆွဲခွင့်ပြုတဲ့ စနစ်ပါ။ ပြောရရင် အထူးအခွင့်အရေးရ ဘတ်စ်ကားလိုင်းလို့ ဆိုနိုင် ပါတယ်။

ဒါကြောင့်လည်း ဒီ BRT စနစ်နဲ့ ဘတ်စ်ကား ပြေးဆွဲချင်ပါတယ်ဆိုပြီး အရင်အာဏာရှင် ဟောင်း ဦးနေဝင်းရဲ့ မြေးတွေပိုင် ကုမ္ပဏီက အစိုးရဆီ အရင်တင်ပြခဲ့ဖူးပါတယ်။ အဲဒီ သတင်း ပျောက်သွားပြီး အခုနောက်ပိုင်းမှ အစိုးရနဲ့ ပုဂ္ဂလိက ဖက်စပ် အများပိုင် ကုမ္ပဏီက လုပ်ခွင့်ရတယ် ဆိုတဲ့ သတင်းထွက်လာတာပါ။

BRT စနစ်နဲ့သာ ဘတ်စ်ကား ပြေးဆွဲခွင့်ရရင် လမ်းပေါ်က ယာဉ်ကျောတစ်ခုကို အပိုင်စားရမယ်၊ အဲဒီ ယာဉ်ကြောမှာ အခြားမော်တော်ယာဉ်တွေ ဝင်ရောက် မောင်းနှင်ခွင့် မရှိဘူး။ ဒါဟာ အခွင့်ထူးမို့ သေချာပေါက် ပြိုင်ဘက်ကင်းမယ်။ အမြတ်လည်း သေချာပေါက်ရမှာမို့ ကုမ္ပဏီကြီးတွေက စိတ်ဝင်စားကြတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တကယ့်တကယ် BRT စနစ်နဲ့ ဘတ်စ်ကား ပြေးဆွဲဖို့ဆိုတာ မလွယ်ကူပါဘူး။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ BRT စနစ်ဆိုတာကို မျက်စေ့ထဲ မြင်အောင် ရှင်းပြပါ့မယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ညာမောင်း၊ ကမ္ဘာအေး ဘုရားလမ်းဟာ (၆) လမ်းသွားဆိုရင် လမ်း အလယ်က ယာဉ်ကြောနှစ်ခုကို BRT ယာဉ်ကြောအဖြစ် ယူပြီး အသွားတစ်လမ်း အပြန် တစ်လမ်း သတ်မှတ်ရပါမယ်။ ယာဉ်ကြောကို အလယ်မှာ ယူလိုက်တဲ့အတွက် အဲဒီလမ်းပေါ်မှာသွားတဲ့ အခြားကားတွေ အားလုံးအတွက် ဘာအနှောင့်အယှက်မှ မဖြစ်စေပါဘူး။

လမ်းမပေါ်ကနေ လမ်းသွယ်တွေထဲ ကွေ့ဝင်တာ၊ လမ်းသွယ်တွေထဲကနေ လမ်းမပေါ် တက်လာတာ ဘာအနှောင့် အယှက်မှမရှိ ပုံမှန်အတိုင်း ဝင်ရောက်မောင်းနှင် နိုင်ကြပါတယ်။ (အခု လက်ရှိ မြို့လယ်က ဘတ်စ် ကားတွေအတွက် လမ်းယာဘက်မှာ ယာဉ်ကြော တစ်ကြော သတ်မှတ်ပေးပုံမျိုး မဟုတ်ပါဘူး၊ အဲလို သတ်မှတ်လို့ ပြဿနာတွေ အများကြီး ကြုံနေရတာ တွေ့ကြရမှာပါ။)

BRT ကားလိုင်းဟာ လမ်းလယ် ယာဉ်ကြောကနေ မောင်းနှင်မှာ ဖြစ်တဲ့အတွက် အဲဒီလမ်း အလယ်ခေါင်ကနေ ပြည်သူတွေ အတက်အဆင်း လုပ်နိုင်တဲ့ ဘတ်စ်ကားဂိတ်လေးတွေ လုပ်ပေးရပါတယ်။ ဘတ်စ်ကား ဘူတာရုံလေးတွေလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီအတွက် လမ်းအလည်မှာ လုံလောက်တဲ့ အကျယ်အဝန်း ရှိဖို့ လိုပါတယ်။

အဲဒီ ဘူတာရုံလေးတွေနဲ့ လမ်းဘေးပလက်ဖောင်းကို ဆက်သွယ်ပေးမယ့် မြေအောက်လမ်း၊ ဒါမှမဟုတ် ခုံးကျော် လမ်းတွေဆောက်ပေးဖို့လည်း လိုပါတယ်။ BRT ကားစီးမယ့် ပြည်သူတွေဟာ လမ်းဘေး ကြိုက်ရာ နေရာကနေ ခုံးကျော် ဒါမှမဟုတ် မြေအောက်ကနေတစ်ဆင့် လမ်းလယ် ဘူတာ ကားဂိတ်ကို လာပြီး BRT ဘတ်စ်ကားကိုစီး၊ ဘတ်စ်ကားပေါ်က ဆင်းရမှာ ဖြစ်ပါတယ်။ ဒီအတွက် အခြား ယာဉ်ကြောတွေကို အသုံးပြုနေတဲ့ ကားတွေကိုလည်း အနှောင့်အယှက် မဖြစ်စေတော့ ပါဘူး။ ဒါပေမယ့် ဒါပေမယ့် ဖြစ်ပါတယ်။

အဲလို BRT စနစ်နဲ့ ဘတ်စ်ကား ပြေးဆွဲဖို့ဆိုရင် ကမ္ဘာအေး ဘုရားလမ်းနဲ့ ပြည်လမ်းဟာ လုံလောက်တဲ့ အကျယ်ရှိရပါမယ်။ လမ်းလယ်ခေါင်မှာလည်း ဘတ်စ်ကားဂိတ် လုပ်နိုင်တဲ့ အကျယ်အဝန်း ရှိရပါမယ်။ အဲဒါ သိပ်မသေချာပါဘူး။ နောက်တစ်ချက်က အဲဒီ ဘတ်စ်ကားဂိတ် တွေအတွက် တည်ဆောက်ရေးတွေ လုပ်ရပါမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရပါမယ်။ လက်ရှိ BRT စနစ်နဲ့ ဘတ်စ်ကား ပြေးဆွဲမယ်လို့ ပြောဆိုနေတဲ့ ကုမ္ပဏီ အားလုံးဟာ အဲလိုရင်းနှီးမြှုပ်နှံမှု လုပ်ချင်ပုံမရဘဲ ကားကိုပဲ ဘာကားမျိုးတွေနဲ့ ဆွဲမယ်ဆိုပြီး ပြည်သူတွေကို လှည့်ဖျားချင်နေ ကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကုမ္ပဏီ တာဝန်ရှိသူတွေဟာ BRT စနစ်ဆို တာကို မပြောတော့ဘဲ simi BRT, လိုလို BRT- Lite လိုလို လူနားမလည်တဲ့ စကားလုံးနဲ့ ဝေဝေဝါးဝါး ပြောဆိုလာကြပါတယ်။

သူတို့ရဲ့အကြံအစည်ကတော့ ရိုးရှင်းပါတယ်။ လက်ရှိ မြို့လယ်မှာ ဘတ်စ်ကားတွေကို လမ်းညာဘက်မှာ သီးသန့် လမ်းတစ်လမ်း သတ်မှတ်ပေးသလို၊ အဲဒီ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းမှာ အခြားဘယ်ကားမှ ပေးဝင် မမောင်းစေနဲ့၊ သူတို့ ယာဉ်လိုင်း တစ်ခုပဲမောင်းမယ် ဆိုတဲ့ အထူးအခွင့်အရေး တောင်းပြီး လက်ရှိ ဘတ်စ်ကား မှတ်တိုင်တွေမှာပဲ လူတွေ အတင်အချ လုပ်မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါဟာ ဘယ်လို BRT စနစ်မှ မဟုတ်ပါဘူး။ အရင် ခေတ်အဆက် ဆက်က လုပ်ခဲ့သလို အထူးအခွင့် အရေးတောင်း၊ အဲဒီ အခွင့်အရေးကို အရယူပြီး အကျိုးအမြတ် ရအောင်လုပ်မယ့် သဘောပါ။

ဒီအတွက် ပြဿနာ တက်မှာက လက်ရှိ အခြေအနေအထားမှာတောင် ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်နေရာမှာ ယာဉ်ကြောနှစ်ခု အဲဒီ ယာဉ်လိုင်းကို ပေးလိုက်ရမယ်ဆိုရင် ကားကြပ်တဲ့ ပြဿနာ ပိုပြီးကြီးသထက် ကြီးလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ့် BRT စနစ် မဟုတ်တဲ့ အတွက် လမ်းအလယ် ယာဉ်ကြောနှစ်ခုကပဲ မောင်းနှင်ရမယ့် ကားတွေ အနေနဲ့လည်း လမ်းကွေ့ တွေထဲ ဝင်ရာမှာ၊ လမ်းကွေ့ထဲက ကားတွေ ထွက်လာရာမှာ ပြဿနာ အများကြီး ကြုံရမှာ ဖြစ်ပါတယ်။

လက်ရှိ မြို့လယ် ဘတ်စ်ကား သီးသန့်လိုင်း ယာဉ်ကြော သတ်မှတ်ပေးလို့ ကြုံရတာထက်တောင် ပိုဆိုးနိုင်ပါတယ်။ ပြောရရင် ဒီရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီကြီး အနေနဲ့ BRT စနစ်ကို အသေအချာ အကောင်အထည် ဖော်ချင်ဖော်ပါ၊ အဲလိုမှ မလုပ်နိုင်ဘဲ ယာဉ်ကြော နှစ်ခုကို အခွင့်ထူးရယူ ပြေးဆွဲတဲ့ ရိုးရိုးဘတ်စ်ကားလိုင်းပဲ လုပ်တာမျိုးကတော့ ပြည်သူကို အကျိုးပြုမှာ မဟုတ်လို့ အစိုးရ အနေနဲ့လည်း ခွင့်ပြုသင့် မသင့် ပြန်လည်သုံးသပ် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags