RCSS နှင့် TNLA တိုက်ပွဲများကြောင့် သီပေါသို့ စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်

RCSS နှင့် TNLA တိုက်ပွဲများကြောင့် သီပေါသို့ စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
ဓာတ်ပုံ-တအောင်းအမျိုးသမီး အဖွဲ့အစည်း။

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၃ ။             ။ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA ) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် သီပေါမြို့ပေါ်သို့ စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်မှ စတင်၍ သီပေါမြို့နယ် ပန်လုံအုပ်စု မန်လွယ်၊ မန်လီ၊ မန်းကျန်း စသည့်ကျေးရွာများမှ ဒေသခံများ ၁၀၀၀ ကျော်သည် သီပေါမြို့ ဘောကြိုဘုရား၊ တာပုတ်ဘုန်းကြီးကျောင်း၊ သာသနာ ၂၅၀၀ ကျောင်းနှင့် မိုးတွေရွာ ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီဇင် ဘာလ ၂၃ ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။

“သီပေါမှာက RCSS နဲ့ TNLAတိုက်ပွဲဖြစ်လို့ ဒုက္ခသည် ၁၀၀၀ ကျော် ထွက်ပြေးလာတယ်။ ဒီနေ့လည်း ထပ်တိုး လာတယ်လို့ ပြောတယ်။ စားဝတ်နေနေရေးက အရေးပေါ် အခြေအနေလို့   ပြောရမှာပေါ့နော်။ လာလှူတဲ့ လူတွေ လည်း မရှိသေးဘူး။ ကျမတို့ အကုန်လုံးကို မလှူနိုင်ဘူး”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းများ အထွေထွေအ တွင်းရေးမှူး လိုည်ပိုးညိူဝ်းက ပြောသည်။

လူမှုကူညီပေးရေးအဖွဲ့မှ ကိုမျိုးကလည်း သီပေါမြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း RCSS နှင့် TNLA တို့ ယခုရက် ပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားလာသဖြင့် ယနေ့ထိ စစ်ပြေးဒုက္ခသည် ၁၇၀၀ ကျော် သီပေါမြို့သို့ ရောက် ရှိနေပြီဟု ဆိုသည်။

“ပန်လုံမှာ တိုက်ပွဲဖြစ်လို့ အခု လူဦးရေ ၁၇၀၀ ကျော်တယ်။ သူတို့တွေက နမ္မတူနယ်ထဲက ပန်လုံတွေထဲက ရောက်လာတာ။ နောက်ထပ် သီပေါနယ် ထဲက ဆိုရင် မန်လွယ်၊ ပန်ခါးဘက်ကပေ့ါ။ အခုလောလောဆယ် တော့ စားရေးသောက်ရေးကတော့ အဆင်ပြေတယ်။ နေရာမလုံလောက်လို့ တချို့ အိမ်တွေမှာ ပြန်နေခိုင်းနေရ တယ်” ဟု ပြောသည်။

ဒေသခံပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် တိုက်ပွဲများကို ရပ်တန့်စေလိုကြောင်းလည်း ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ သီပေါ၊ ကျောက်မဲ၊ နမ္မတူ မြို့နယ်များအတွင်း TNLA နှင့် RCSS တို့အကြား တိုက်ပွဲ နေ့စဉ် ဖြစ်ပွားခဲ့နေပြီး TNLA နှင့် တပ်မတော်တို့လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly