မက်ဆီ ဘာစီလိုနာနှင့် မကြာမီစာချုပ်သစ်ချုပ်လိမ့်မည်ဟု နေမာပြော

မက်ဆီ ဘာစီလိုနာနှင့် မကြာမီစာချုပ်သစ်ချုပ်လိမ့်မည်ဟု နေမာပြော

ဒီဇင်ဘာ ၂၃၊ ဘာစီလိုနာ။       ။ မက်ဆီသည် မကြာမီတွင် စပိန်ချန်ပီယံအသင်းနှင့်စာချုပ်လိမ့်မည်ဟု ဘာစီလိုနာကြယ်ပွင့် နေမာက ယုံကြည်နေသည်။

၂၀၁၈ ဇွန်တွင် စာချုပ်သက်တမ်းကုန်မည့် အသက် ၂၉ နှစ်အရွယ်မက်ဆီကို ဘာစီလိုနာအသင်းက လပိုင်းအတွင်း စာချုပ်သစ် ကမ်းလှမ်းမည်ဟု မျှော်လင့်ရသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမီယူက ဆွေးနွေးမှုစတင်ရခြင်းမရှိသေးဟု မကြာသေးခင်ကပြောဆိုထားသော်လည်း အာဂျင်တီးနားကြယ်ပွင့်သည် ကမ့်နူးတွင်သာဆက်ရှိနေပြီး မကြာမီစာချုပ်ကိစ္စအပြီးသတ်နိုင်မည်ဟု နေမာက မျှော်လင့်နေသည်။

“မက်ဆီ ဘာစီလိုနာမှာပဲကျွန်တော်တို့နဲ့အတူဆက်ရှိနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ မကြာမီ သူစာချုပ်သစ်ချုပ်မယ်လို့ လည်း ကျွန်တော်မျှော်လင့်ပါတယ်”ဟု နေမာက ဆော်ပေါ်လိုတွင် သတင်းထောက်များကိုပြောသည်။

ဘာစီလိုနာအသင်းသည် အမှတ်ပေးဇယားထိပ်မှ ရီးယဲလ်မက်ဒရစ်ထက်တစ်ပွဲပိုကစားထားပြီး သုံးမှတ်လျော့အနေအထားဖြင့် ဒုတိယနေရာသို့ရောက်နေသည်။

နေမာသည် ၁၃ ပွဲကစား လေးဂိုးသာသွင်းထားနိုင်သော်လည်း အသင်းတွင်ဂိုးဖန်တီးမှုအများဆုံးအဖြစ် ခြောက်ကြိမ်ဖန်တီးပေး ထားသည်။

“ဒီရာသီမှာ သွင်းဂိုးတွေနည်းနေပေမယ့် ကျွန်တော်သိပ်ပျော်နေပါတယ်။ ဒါက ဖြစ်တတ်တဲ့သဘာဝပါပဲ။ ဂိုးတွေသွင်းနိုင်အောင် ပံ့ပိုးရတာကိုပျော်နေပြီး အသင်းကို ကျွန်တော်တတ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းနဲ့ ကူညီချင်ပါတယ်”ဟု နေမာကဆိုသည်။

ဘာစီလိုနာအသင်းသည် ဆောင်းရာသီအားလပ်ရက်ပြီးနောက် ဇန်နဝါရီ ၈ တွင် လာလီဂါအဝေးကွင်းပွဲအဖြစ် ဗီလာရီးယဲလ်နှင့် ကစားရမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly