ဖောက်ခွဲရေး ပစ္စည်းလက်ဝယ်တွေ့ရှိမှုနှင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံခဲ့ရသူ လွတ်ရက်စေ့၍ လွတ်မြောက်

ဖောက်ခွဲရေး ပစ္စည်းလက်ဝယ်တွေ့ရှိမှုနှင့် ထောင်ဒဏ် (၄) နှစ် ချမှတ်ခံခဲ့ရသူ လွတ်ရက်စေ့၍ လွတ်မြောက်
စစ်တွေ အကျဉ်းထောင်အား တွေ့ရစဉ်

စစ်တွေ၊ ဒီဇင်ဘာ ၂၁ ။           ။ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိမှုဖြင့် စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ် ခံထားရသည့် ကိုခိုင်နေမင်းမှာ လွတ်ရက်စေ့ပြီဖြစ်၍ ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီက ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ကိုခိုင်နေမင်းသည် လွန်ခဲ့သည့် (၄) နှစ်က ရန်ကုန်မြို့တွင် ခေတ္တနေထိုင်စဉ် အမျိုးသမီးအလုပ်သမားများအရေး လိုက်ပါ ကူညီပေးနေစဉ် ၎င်းနေထိုင်သည့် တည်းခိုခန်း၌ ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်တွေ့ရှိကြောင်း စွပ်စွဲချက်ဖြင့် ဖမ်း ဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၄ နှစ်ကျခံခဲ့ရခြင်း ဖြစ်သည်။

“ ကျွန်တော် ရန်ကုန်မှာနေတုန်း လှိုင်သာယာစက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၂၀ ကျော် အလုပ်ဖြုတ်ခံ နေရတဲ့ အချိန် ဌေးလွင်က ကျွန်တော်ကို လိုက်ကူညီပေးဖို့ ပြောတော့ သူနဲ့လိုက်သွားတာ။ တည်းခိုခန်းမှာနေတုန်း ရဲက ဝင်ဖမ်းတာပါ။ ဖောက်ခွဲရေးပစ္စည်းတွေ ရှိတယ်ဆိုပြီးတော့။ အဲဒါတွေကလည်း ဌေးလွင် ပစ္စည်းလား ရဲယူလာတာလားတော့ မသိဘူး။ ထောင်ဒဏ် ၄ နှစ် အပြည့်ကျခံခဲ့ ရပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုခိုင်နေမင်းက ပြောသည်။

ကိုခိုင်နေမင်းသည် မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက် ဇာတိဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးလည်း ဖြစ်ကာ ပြည်တွင်း လှုပ်ရှားမှုများတွင် ဦးဆောင်ဦးရွက်ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းအား လှိုင်သာယာမြို့နယ် SKY တည်း ခိုခန်းတွင် တည်းခိုနေစဉ် ဖမ်းဆီးခံခဲ့ရာက အင်းစိန်အကျဉ်းထောင်တွင် သုံးနှစ်ကျော်နေခဲ့ရပြီး ပြီးခဲ့သည့် ဧပြီလမှသာ စစ်တွေအကျဉ်းထောင်သို့   ပြောင်းရွေ့ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်လက်ထဲမှာ အဲဒီအချိန်က ဘာဖောက်ခွဲရေးပစ္စည်းမှလဲ မရှိဘူး။ ကျွန်တော်က တိုင်းရင်းသား အဖွဲ့စည်းတွေ နဲ့ ပူးပေါင်းပြီး ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးတာတွေ လုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အ ချိန်မှာ ကျွန်တော်ကို အပေါ်မော့ခိုင်းပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။ မျက်စိဖွင့်ကြည့်လိုက်တဲ့အချိန်မှာ အဲဒီပစ္စည်းတွေ က ကျွန်တော်ရှေ့မှာ   တွေ့ရတာဖြစ်ပါတယ် ”ဟု ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အား ကိုခိုင်နေမင်းက ပြောသည်။

ကိုခိုင်နေမင်း ဖမ်းဆီးခံရမှု နောက်ဆက်တွဲအဖြစ် စစ်တွေမြို့နယ်မှ ဖမ်းဆီးခံခဲ့ရသည့် ဘိုဘိုထွန်းနှင့် သိန်းညွန့်တို့ နှစ်ဦး မှာ ထောင်ဒဏ် (၆) နှစ်အထိ အပြစ်ပေးခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly