RCSS နှင့် TNLA တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ

RCSS နှင့် TNLA တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ

ချင်းမိုင်၊ ဒီဇင်ဘာလ ၂၀ ။                  ။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ အကြား ဒီဇင်ဘာလ ၂၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲ သုံးနေရာဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာ၊ မန်ဆာကျေးရွာ တစ်နေရာနှင့် ပန်ဟိုက်ကျေးရွာတို့တွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားနေ ခြင်း ဖြစ်ကြောင်း TNLA  ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ပြောသည်။

“တိုက်ပွဲက ပြင်းထန်တယ်လို့ ပြောရမယ်။ မနက် ၆ နာရီကတည်းကနေ စတယ်။ ခု (၄ နာရီ)ထိ မပြီးသေးဘူး။ အဓိက တော့ RCSS က ကျနော်တို့ နယ်ထဲဝင်လာလို့ တိုက်ပွဲဖြစ်တာပေါ့” ဟု ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်ကလည်း သီပေါမြို့နယ် ထန်စန့်ကျေးရွာအထက် ပန်ခါးတောင်နှင့် မန်လွယ်ကျေး ရွာအနီး  RCSS  နှင့် TNLA တိုက်ပွဲများဖြစ်ပွားခဲ့သည်။

RCSS တပ်ဖွဲ့မှ အဆိုပါဒေသရှိ တောင်ကုန်းများကို အခြေခံ၍ တအာင်းတပ်ဖွဲ့များ လှုပ်ရှားနယ်မြေအတွင်း မကြာခဏ ကျူးကျော် ဝင်ရောက်လာသဖြင့် TNLA ဘက်မှ သွားရောက် တိုက်ခိုက်ရခြင်း   ဖြစ်သည်ဟုလည်း ဒီဇင်ဘာလ ၁၉ ရက် က TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

“တိုက်ပွဲက မကြာခဏ ဖြစ်နေတယ်။ ကျနော်တို့ နယ်ထဲမဝင်လာလို့ရင် သူတို့က အခြားတနေရာပြန်သွားလိုက်။ သူတို့ ဝင်လာပြီဆိုရင် ဝင်လာတိုင်း တိုက်ပွဲဖြစ်တယ်” ဟု မိုင်းအိုက်ကျော်က ပြောသည်။

တို်က်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ RCSS ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

TNLA နှင့် မြန်မာ့တပ်မတော်အကြားတွင်လည်း ကွတ်ခိုင်၊ ကျောက်မဲ၊ နမ်ဆန်၊ မန်တုံ စသည့် မြို့နယ်များအတွင်း တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု သူက ပြောသည်။

TNLA, KIA, MNDAA နှင့် AA တို့ ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် မြန်မာ့တပ်မတော်ကြားတွင်လည်း ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု ၎င်း၏ပြောကြားချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly