ရခိုင်ရှေးဟောင်းဇုန် နန်းတော်ရာ ကုန်းအတွင်းက အဆောက်အဦများ ဖယ်ရှားရန် လွှတ်တော်တွင် တောင်းဆို

ရခိုင်ရှေးဟောင်းဇုန် နန်းတော်ရာ ကုန်းအတွင်းက အဆောက်အဦများ ဖယ်ရှားရန် လွှတ်တော်တွင် တောင်းဆို

စစ်တွေ၊ ဒီဇင်ဘာ ၂၀ ။                         ။  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ နန်းတော်ရာကုန်း၏ ပထမထပ် ဧရိယာအတွင်း တည်ဆောက်ထားရှိသော   ခေတ်သစ်အဆောက်အဦးများအား အမြန်ဆုံးဖယ်ရှားပြီး မူလအတိုင်းထားရှိရန် ပြည်နယ် လွှတ်တော်မှ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းလိုက်သည်။

အဆိုပါ တိုက်တွန်းချက်ကို ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ တတိယ ပုံမှန်အစည်းအဝေး တတိယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့က မြောက်ဦးမဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ ခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေရာက လက်ရှိ ရှိနေတဲ့ အဆောက်အဦးတွေကို ဖယ်ရှားပြီးတော့ မူလအတိုင်းရှိနေဖို့အတွက် တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီးတော့ ထပ်မံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” ဟု အဆိုတင်သွင်းသူ မြောက်ဦး မဲဆန္ဒ နယ်မြေအမှတ် ၁ မှ ဦးထွန်းသာစိန်က ပြောသည်။

ရှေးဟောင်းဇုန်ရှိ နန်းတော်ရာကုန်းတွင် တည်ရှိနေသည့် အဆောက်အဦးများမှာ ယခင်က အစိုးရဌာနများ ရုံးစိုက်ခဲ့ ချိန် က အသုံးပြုခဲ့ကြသည့် ဗြိတိသျှခေတ် အဆောက်အဦများနှင့် ဌာနဆိုင်ရာရုံး အဆောက်အဦးများဖြစ်ကာ လက်ရှိတွင် ရှေးဟောင်း သုတေသနဌာန၏ အဆောက်အဦများလည်း ရှိနေသည်။

 “ အခုလိုမျိုး နန်းတော်ရာကုန်းပေါ်မှာ ခေတ်သစ် အဆောက်အဦးတွေ တည်ရှိနေခြင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှု မြင် ကွင်းတွေကို အဟန့်အတား ဖြစ်စေပါတယ်။ အဲဒီ အဆောက်အဦ   တွေကတော့ ရှေးဟောင်းယဉ်ကျေးမှုဌာနရဲ့ ဝန်ထမ်း အိမ်တွေနဲ့ ပြတိုက်ကိုု အဲဒီက ဖယ်ရှားပြီးတော့ သီးခြား နေရာတစ်ခုကို ပြောင်းရွှေ့ပေးဖို့ အတွက် ပြည်နယ် အစိုးရ အဖွဲ့ ကနေ ပြည်ထောင်စု အစိုးရကို  တိုက်တွန်းပေးဖို့အတွက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။” ဟု မြောက်ဦး မဲဆန္ဒနယ်မြေ အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

၁၉၉၇ ခုနှစ် တပ်မတော်အစိုးရ လက်ထက်က ၎င်းနယ်မြေရှိ တတိယထပ် ပတ်လည်တွင် ရှိနေသည့် လူနေအိမ်များကို ဖြိုဖျက်ရန်နှင့် နန်းတော်ရာကုန်းတွင် အဆောက်အဦများ မထားရှိရေး စီမံကိန်းကို ဆောင်ရွက်ခဲ့သော်လည်း ဌာနဆိုင်ရာ အဆောက်အဦမှာ ဖျက်ဆီးခြင်းမရှိဘဲ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly