မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အဖွဲ့သစ်များ အမြန်ဆုံးဖွဲ့စည်းရန် လိုအပ်နေဟု ရခိုင်ဝန်ကြီးချုပ်ပြော

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အဖွဲ့သစ်များ အမြန်ဆုံးဖွဲ့စည်းရန် လိုအပ်နေဟု ရခိုင်ဝန်ကြီးချုပ်ပြော
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု(ဓာတ်ပုံ- မဇ္ဈိမ)

စစ်တွေ၊ ဒီဇင်ဘာ ၂၀ ။           ။ မူးယစ်ဂိုဏ်းများ၏ ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်း၌ အဓိက အချက်အချာ ဖြစ်လာသည့် ရခိုင်ပြည်နယ်အတွင်း တားဆီးနှိမ်နင်းမှုများ ထိရောက်စေရန် နည်းလမ်းအသစ်များကို အသုံးပြုသွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 “ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ များပြားလာနေပါတယ်။ တားဆီး ကာကွယ်ရေးအတွက် အခုလုပ်နေတဲ့ အဖွဲ့ထက် အဖွဲ့သစ်တွေ နောက်ထပ်ဖွဲ့စည်းဖို့ လိုအပ်နေပါပြီ။ မူးဆေးဝါးတွေ ပိုပြီး တော့ ကျယ်ပြန့်လာနေတာကြောင့် မြန််မြန်အကောင်အထည်ဖော်ဖို့ လိုအပ်နေပါပြီ ” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်မှုမှာ ယခင်က အိန္ဒိယနိုင်ငံနယ်စပ်မှ ဖန်စီဒိုင်း အနည်းငယ် ဝင်ရောက်ခဲ့သော်လည်း ၂၀၀၈-၀၉ နောက်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးများ ဝင်ရောက်လာပြီး ဒေသတွင်း အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူများလည်း များပြာလာကာ ပြီးခဲ့သည့် (၂) နှစ်ခန့်မှ စတင်ကာ ပိုမိုကျယ်ပြန့်လျှက် ရှိနေ သည်။

“မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းတွေကို အင်နဲ့အားနဲ့တော့ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးရရှိမှုတွေလည်း အရင် ကထက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ Check Point တွေကိုလည်း လုပ်ထားပါတယ်။ ဖမ်းဆီးနိုင်မှုတွေ ကိုကြည့် မယ်ဆိုရင် ရောင်းဝယ်ဖောက်ကားသူတွေ မဟုတ်ဘဲ ကယ်ရီလုပ်သူတွေပဲ ဖြစ်နေပါတယ်။ အားနည်းချက်တွေတော့ ရှိ တာပေါ့ ” ဟု ပြည်နယ်ရဲမှူးကြီး စိန်လွင်က ပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကးသူများမှာ စိတ်ကြွရူးသွပ်ဆေးများအား တစ်ဖက်နိုင်ငံမှ တစ်ဆင့် အရှေ့အလယ် ပိုင်း ဒေသများသို့ တင်ပို့မှုတွင် ရခိုင်ပြည်နယ် (မြောက်ပိုင်းဒေသ)ကို ကြားခံနယ်မြေအဖြစ် အသုံးပြုလာသည့်အတွက် မူးယစ်ဆေးဝါး သယ်ယူမှုကို ယင်က ကုန်းလမ်း တစ်ခုတည်းကိုသာ အသုံးပြုခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ရေ လမ်းကြောင်းမှတစ်ဆင့် အလုံးအရင်းဖြင့် တိုက်ရိုက်ဝင်ရောက်လာမှုများလည်း ရှိနေကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိ ရသည်။

“မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေကတော့ ဒေသတွင်းမှာလည်း ပျံ့နှံ့မှုတွေ ပေါများလာနေပါတယ်။ ဒါတွေကို တားဆီးမှုတွေ နိုင်နိုင်နင်းနင်း ပြုလုပ်နိုင်ဖို့အတွက် ပြည်သူတွေဆီက အချက်အလက်တွေ၊ သတင်းဖြန့်ဖြူးမှုတွေပြုလုပ် ဖို့ လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေကို အလွယ်တကူ လုပ်ဆောင်နိုင်ဖို့အတွက် မိုဘိုင်းစနစ်ကို အသုံးပြုပြီးတော့ လျင်မြန်တဲ့ နည်းလမ်းတွေကို အသုံးပြုသွားဖို့ ပြင်ဆင်နေပါတယ် ” ဟု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ဒေသတွင်း မူးယစ်ဆေးဝါးများ ပြန့်နှံ့မှု မြန်ဆန်လာသည့်အတွက် သုံးစွဲသူများလည်း များပြားလာပြီး လူလတ်ပိုင်းနှင့် လူငယ်ပိုင်းတို့မှာ သုံးစွဲမှု မြင့်တက်လာနေကြောင်း လူငယ်များကို မျိုးဆက်တုံးစေသည့် ဖြစ်ရပ်များ မဖြစ်ပွားခင် အ လျင်အမြန် တားမြစ်နိုင်ရေး လုပ်ငန်းစဉ်များကို ချမှတ်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး   ဒေါက်ချမ်းသာကလည်း   ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly