အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေ

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေ

ချင်းမိုင်၊ ဒီဇင်ဘာ ၂၀ ။              ။ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ မကြာမီရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းဆွေးနွေးမှုတွင် " ဝ " ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ကို အသိသက်သေအဖြစ် ပါဝင်ခွင့်ပြုရန် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်မှ တင်ပြထားသည်ဟု ရက္ခိုင်တပ်တော်(AA)မှ ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

“အလွတ်သဘောတွေ့ဖို့ ဘယ်နေ့တွေ့မယ်ဆိုတာ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ တွေ့ဖို့အတွက် ပြောပါတယ်။ ကျနော်တို့က ၄+၁ ပေါ့နော်။ မဟာမိတ်အဖွဲ့ ၄ ဖွဲ့ရယ်၊ " ဝ " အဖွဲ့ကို အဲဒီမှာ ထိုင်ပေးဖို့အတွက် တောင်းဆိုထားတယ်။ ငြိမ်းချမ်းရေး ကော်မရှင်ကို ပြောထားတာ ရှိပါတယ်။ သူတို့ ဘက်ကတော့ တိတိကျကျ အကြောင်း မပြန်သေးပါဘူး။ အ ကြောင်း မပြန်ဘူးဆိုတာက သူတို့လည်း ညှိနေတာပေါ့နော်" ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာမှုအပေါ် ကြိုဆိုကြောင်းနှင့် " ဝ " အဖွဲ့ကို ပါဝင်စေခြင်း အား ဖြင့် ဆွေးနွေးမှု ပိုမိုအကျိုးရှိလိမ့်မည်ဟု မျော်လင့်ကြောင်း ဗိုလ်မှူးကြီး ကျော်ဟန်က ပြောသည်။

အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် တွေ့ဆုံဆွေးနွေးကာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုး၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆက်လက်   ဆွေးနွေးရန် မူချမှတ်ထားသည့်အတိုင်း ဆက် လက် လုပ်ဆောင်နေခြင်းဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အလွှတ်သဘော တွေ့ဆုံဆွေးနွေးရန် နှစ်ဖက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

“အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ဖော်ဆောင်တာကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ သွားမယ်။ ပြီးရင်တော့ အန်စီအေ လက်မှတ်ထိုးမယ်။ ပြီးရင်တော့ ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) process နဲ့ သွားမယ်ဆိုတဲ့ မူက ရှိပြီးသား။ ဒီမူက ပြောင်းမှ မပြောင်းတာ။ ဒီလို မပြောင်းတဲ့အတွက် ဒီလိုမျိုးဆွေးနွေးပွဲတွေ မဖြစ်သေးခင်မှာတော့ အလွတ် သ ဘော ဆွေးနွေးပွဲတွေ ရှိသင့်တယ် ဆိုတဲ့ မူက ပေးထားတယ်။ ဒါပေမဲ့ ဘယ်တော့ဆိုတာတော့ မသိသေးဘူး”ဟု သူက ပြောသည်။

UWSA အဖွဲ့အား နှစ်ဖက် ဆွေးနွေးမှုတွင် အသိသက်သေအဖြစ် ပါဝင်ရေး၊ မပါဝင်ရေး ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ပြောဆိုမှုများ မရှိသေးကြောင်း သူက ပြောသည်။

“အဲဒါတော့ ပြောတာတော့ မရှိသေးဘူး။ ကျနော်တို့ဘက်ကတော့ ဘာမှ ပြန်ပြောတာ မရှိသေးပါဘူး”ဟု ဦးလှမောင်ရွှေက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်က UWSA သည် ရှမ်းပြည်နယ်လွတ်တော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မှုအပေါ် ကန့်ကွက်ခဲ့ပြီး ၄င်းအဖွဲ့အား အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန် သဘောထား ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားနေချိန် နိုဝင်ဘာလ ၂၆ ရက်ကလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဒေါက်တာ တင်မျိုးဝင်း ဦး ဆောင်သော ငြိမ်းချမ်းရေး ကော်မရှင်က တရုတ်နိုင်ငံတွင် တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သော်လည်း တစ်ဖွဲ့ချင်း တွေ့ဆုံရန် ပြောဆိုမှုကြောင့် ဆွေးနွေးမှု မရခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖြစ်များဖြစ်သော ကချင်လွတ််လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ ရက္ခိုင်တပ်မတော် (AA)၊ တို့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ မုံးကိုး၊ ကွတ်ခိုင် စသည့် မြို့နယ်များအတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်၍ အကန့်အသတ် စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly