ရှာပါကွင့်စ်အသင်းအတွက် ဘရာဇီးနှင့်ကိုလံဘီယာအသင်း ခြေစမ်းမည်

ရှာပါကွင့်စ်အသင်းအတွက် ဘရာဇီးနှင့်ကိုလံဘီယာအသင်း ခြေစမ်းမည်

ဒီဇင်ဘာ ၂၀၊ ရီယိုဒီဂျနေရိုး။                ။ ရှာပါကွင့်စ်အသင်းအတွက် ရန်ပုံငွေခြေစမ်းပွဲအဖြစ် ကိုလံဘီယာအသင်းနှင့် ဇန်နဝါရီ ၂၅ တွင် ရီယိုဒီဂျနေးရိုး၌ ကစားမည်ဟု ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်သည်။

ရှာပါကွင့်စ်ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် အသင်းဒါရိုက်တာများမှာ ပြီးခဲ့သည့်လက ကိုပါဆူဒါအမေရိကဖလား ဗိုလ်လုပွဲအဖြစ် အက်သလက်တီကိုနာစီယွန်နယ်အသင်းနှင့်ကစားရန် ကိုလံဘီယာသို့သွားရောက်စဉ် လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည့် ခရီးသည် ရ၁ ဦးတွင် ပါဝင်သွားခဲ့ရသည်။

ရှာပါကွင့်စ်အသင်းအတွက် ကမ္ဘာတစ်ဝန်းမှကမ်းလှမ်းမှုများစွာရှိခဲ့ပြီး ဥရောပနှင့် တောင်အမေရိက ကလပ်များက ကစားသမား များအခမဲ့ငှားရမ်းပေးမည်ဟု ကမ်းလှမ်းထားကြသည်။

ရှာပါကွင့်စ်အသင်းနှင့် ကစားသမားများ၏ကျန်ရစ်သူမိသားစုများကိုထောက်ပံ့ရန် ဘရာဇီးနှင့် ကိုလံဘီယာတို့ ခြေစမ်းပွဲ ကစားမည်ဖြစ်သကဲ့သို့ ရှာပါကွင့်စ်အသင်းမှာလည်း ဘာစီလိုနာအသင်း၏ ဖိတ်ကြားမှုအရ လာမည့်နှစ်တွင် ယိုဟမ်ဂမ်ပါဖလားပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဘရာဇီးနှင့်ကိုလံဘီယာတို့သည် ယခုနှစ်အစောပိုင်းတွင် အိုလံပစ်ပွဲစဉ်များလက်ခံကျင်းပခဲ့သော နီလ်တန်ဆန်းတို့စ်ကွင်း၌ ခြေစမ်းမည်ဖြစ်ပြီး ဘရာဇီးအသင်းတွင်   ပြည်တွင်းအခြေစိုက် ကစားသမားများသာ ပါဝင်မည်ဖြစ်သည်။

“ဖီဖာရဲ့ခြေစမ်းပွဲရက်မဟုတ်တာကြောင့် ပြည်တွင်းကစားသမားတွေနဲ့သာ ကစားဖို့စီစဉ်ရတာပါ။ ကလပ်တွေဘက်ကလည်း ကစားသမားစေလွှတ်ပေးရတဲ့ အခက်အခဲမရှိတော့ဘူးပေါ့”ဟု ဘရာဇီးလက်ရွေးစင်အသင်းမှ ညှိနှိုင်းရေးမှူး ဂက်စ်ပါက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly