တိုက်စစ်မှူးဒီယေဂိုကော်စတာကို စာချုပ်သစ်ချုပ်ရန် ချယ်လ်ဆီးစီစဉ်နေ

တိုက်စစ်မှူးဒီယေဂိုကော်စတာကို စာချုပ်သစ်ချုပ်ရန် ချယ်လ်ဆီးစီစဉ်နေ

ဒီဇင်ဘာ ၂၀၊ လန်ဒန်။           ။ ဒီယေဂိုကော်စတာသည် ကစားသမားဘဝနောက်ဆုံးနေ့ရက်များထိ ချယ်လ်ဆီးအသင်းတွင် ဆက်ရှိနေနိုင်မည့် စာချုပ်သစ် ကမ်းလှမ်းခံရရန်ရှိနေသည်။

စပိန်လက်ရွေးစင် ကော်စတာသည် ကစားသမားဘဝအကောင်းဆုံးခြေစွမ်းရနေပြီး ၎င်းသွင်းယူထားသည့် ၁၃ ဂိုးမှာ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအဖြစ်လည်း ရပ်တည်နိုင်စေသည့်အပြင် အသင်းကိုပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ် ရောက်အောင်လည်း အထောက်ကူဖြစ်စေလျှက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် အသက် ၂၈ နှစ်အရွယ်ကစားသမားကို စာချုပ်သစ်ချုပ်လိုပြီး နှစ်နှစ်သက်တမ်းတိုးစာချုပ်ဖြစ်ဖွယ်ရှိကာ ယင်းမှာ ကော်စတာကို စတမ်းဖို့ဒ်ဘရစ်ချ်တွင် ၂၀၂၁ ထိ ဆက်ရှိစေနိုင်မည်ဖြစ်သည်။

ကော်စတာသည် ၂၀၁၄ တွင် အက်သလက်တီကိုမှပေါင် ၃၂ သန်းဖြင့်ပြောင်းလာစဉ်က တစ်ပတ်ပေါင် ၁၅၀, ၀၀၀ တန် ငါးနှစ် စာချုပ်ချုပ်ထားသော်လည်း စာချုပ်သစ်အရ တစ်ပတ်ပေါင်နှစ်သိန်းနီးပါး ရမည်ဖြစ်သည်။

အက်သလက်တီကိုအသင်းသည် ပြီးခဲ့သည့်နွေရာသီက ချယ်လ်ဆီးအသင်းတွင်အနာဂါတ်မရေမရာဖြစ်နေသည့် ကော်စတာကို ပြန်လည်ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ကစားသမားဖြစ်သူမှာ နည်းပြသစ်ကွန်တီ လက်ထက်တွင် ခြေစွမ်းပြောင်းလဲသွားသည်။

ပြီးခဲ့သည့်ရှစ်ပွဲတွင် ခြောက်ဂိုးသွင်းနိုင်ခဲ့သည့် ကော်စတာသည် စည်းကမ်းပိုင်းဆိုင်ရာအပြုအမူများကိုလည်း ဆင်ခြင်နိုင်ခဲ့သည်။

ဆယ်ပွဲတိတိအဝါကတ်ပင် အပြမခံရအောင် ကစားနိုင်ခဲ့ပြီး နောက်ဆုံးတွင်မှ စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရသည့်ပွဲ၌ အဝါကတ်ပြခံရသဖြင့် ဘောက်ဆင်ဒေးတွင် ကစားမည့် ဘုန်းမောက်နှင့်ပွဲအတွက် ပွဲပယ်ခံခဲ့ရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly