"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (အပိုင်း ၁)

19 December 2016
"NCA စာချုပ် တစ်နှစ်ပြည့်အလွန် မြန်မာ့ငြိမ်းချမ်းရေးအခြေအနေ" (အပိုင်း ၁)
 

တူးတူးသာ

Mizzima Dialouge TV Show အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီကနေ့ ဆွေးနွေးမယ့်အကြောင်းအရာကတော့ NCA လို့ခေါ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးတာ ၁ နှစ်ပြည့်တဲ့အနေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။

ကျွန်မနဲ့အတူတူ ဆွေးနွေးမယ့်သူတွေကတော့ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာ ဆလိုင်းလျန်မှုန်း၊ သူကတော့ (CNF)လို့ခေါ်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယဥက္ကဋ္ဌ UPDJC ရဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။ ဒီဘက်ကတော့ ဆရာမ မေစံပယ်ဖြူ။ ဆရာမကတော့ ငြိမ်းချမ်းရေးအတွက် ကျားမတန်းတူညီရေး မိတ်ဖက် ဦးဆောင်ကော်မတီတွေထဲမှာ ပါဝင်ပါတယ်။

ဒီကနေ့ ဆွေးနွေးကြမယ့် အကြောင်းအရာကတော့ NCA တစ်နှစ်ပြည်သွားပြီဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဘယ်လိုတိုးတက်မှုတွေရှိသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိသလဲ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေလိုအပ်သလဲ။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ အမျိုးသမီးတွေရဲ့ ပါဝင်မှု ဘယ်လောက်အထိရှိသလဲဆိုတာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဆရာ ဆလိုင်းလျန်မှုန်းကို အရင်ဆုံး မေးချင်ပါတယ်။ ဆရာ မကြာသေးခင်က အစည်းအဝေး တက်ထားတယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေက တစ်နှစ်အတွင်းမှာ ဘာတွေ ဘယ်လောက်အထိ ရှိလာသလဲဆိုတာကို ဆရာအနေနဲ့ အရင်ဆုံး ဆွေးနွေးပေးပါဦး။

ဒေါက်တာဆလိုင်းလျန်မှုန်း

ဒုတိယဥက္ကဋ္ဌ ချင်းအမျိုးသားတပ်ဦး (CNF)

အခုဆိုရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်လို့ခေါ်တဲ့ NCA လက်မှတ်ရေးထိုးတာ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဲဒီတစ်နှစ်အတွင်းမှာ ကျွန်တော်တို့ဘက်မှာ တိုးတက်မှုတွေ ဘာရှိသလဲ ပြီးတော့ စိန်ခေါ်မှုတွေ ဘာရှိသလဲဆိုတာက ကျွန်တော်တို့အနေနဲ့ အဓိကထားပြီးတော့ ကျွန်တော်လည်း ဆွေးနွေးချင်ပါတယ်။

ပထမအနေနဲ့ တိုးတက်မှုအပိုင်းကို ကျွန်တော် ပြောချင်ပါတယ်။ တိုးတက်မှုအနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့ အဲဒီ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၈ ဖွဲ့ရှိပါတယ်။ အဲဒီ ၈ ဖွဲ့အတွင်းမှာ ကျွန်တော်တို့ ပြန်ကြည့်မယ်ဆိုရင် အဲဒီ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့နဲ့ အစိုးရကြားမှာ တကယ့် ပစ်ခတ််တိုက်ခိုက်မှုဆိုတာ မရှိသလောက်ကို လျော့ပါးသွားတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ လေးခါလောက်ပဲ ဘာခေါ်မလဲ ထိတ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီ လေးခါလောက်ကလည်း ကြီးမားတဲ့ ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်ဘူး။ ဖြစ်ဖြစ်ချင်းလည်း ကျွန်တော်တို့ ပြေလည်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ NCA စာချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှုကို ဘယ်လိုလုပ်မလဲ အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်ဖက်က ချိုးဖောက်ရင်သော်လည်းကောင်း၊ မတော်တဆ ပြဿနာတက်ရင်သော်လည်းကောင်း ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ယန္တရား ရေးထားပြီးသားရှိပါတယ်။ အဲဒီ NCA စာချုပ်အပြင် နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလည်း ကျွန်တော်တို့ ရေးထားတယ်။ ပြီးတော့ ကျွန်တော်တို့ စောင့်ကြည့်ရေး စည်းကမ်းတွေ ကျင့်ဝတ်တွေကိုလည်း ရေးထားတာဖြစ်တဲ့အတွက် လက်မှတ်ရေးထိုးပြီးသား အဖွဲ့တွေကြားထဲမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့သွားတယ်ဆိုတာ အင်မတန်မှ ကောင်းတဲ့အလားအလာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။

တစ်ဖက်မှာ ကျွန်တော်တို့ စိန်ခေါ်မှုအနေနဲ့ကတော့ NCA စာချုပ်ကို ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ရှိတဲ့အထဲမှာ ၈ ဖွဲ့ကပဲ လာပြီးတော့ လက်မှတ်ရေးထိုးတာဖြစ်တယ်။ အဲဒီအထဲမှာမှ NCCT လို့ခေါ်တဲ့ NCCT အဖွဲထဲမှာပါတဲ့ ၁၆ ဖွဲ့ထဲမှာမှ တစ်ဝတ်ပဲ လာပြီးတော့ လက်မှတ်ထိုးတာဖြစ်တဲ့အတွက် လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒါက အင်မတန်မှ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေ လျော့ချနိုင်ဖို့အတွက် ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ပြီးတော့ တစ်ဖက်မှာ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲနေတဲ့ကာလမှာ ငြိမ်းချမ်းတဲ့ကာလ အခြေအနေအောက်မှာ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့အတွက် ဖြစ်ပါတယ်။ အဲသလိုကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့ NCA စာချုပ်အတိုင်းပဲ NCA စာချုပ်ကို ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးတယ်။ ပြီးတော့ ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေးဆိုင်ရာမူဘောင်တွေ ရေးဆွဲတယ်။ ရက်ပေါင်း ၉၀ အတွင်းမှာ ပထမအကြိမ် ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျင်းပနိုင်ခဲ့တယ်။ အဲဒီကျင်းပခဲ့တဲ့အချိန်တုန်းကတော့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်တုန်းက ကျင်းပတာဖြစ်တယ်။ နောက်ပြီး အစိုးရသစ်တက်လာတယ်။ NLD အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာလည်း ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ကျွန်တော်တို့ ကျင်းပနိုင်ခဲ့တယ်။ အဲဒီ ဒုတိယအကြိမ်ကိုတော့ ကျွန်တော်တို့ ၂၁ ရာစု ပင်လုံဆိုပြီးတော့လည်း တွဲဖက်ပြီးတော့ ခေါ်ပါတယ်။

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဆိုတော့ ဒီလို ငြိမ်းချမ်းရေးညီလာခံ နှစ်ခါ ကျင်းပနိုင်တယ်ဆိုတာက ကျွန်တော်တို့ ပြည်ထောင်စုသမိုင်းမှာ နှစ်ပေါင်း ရ၀ နီးပါး ဖြစ်ပြီဖြစ်တဲ့အတွက် ပြည်တွင်းစစ်ကာလမှာ ဒါဟာ ပထမဦးဆုံး ကျင်းပနိုင်ခြင်းပဲဖြစ်ပါတယ်။ ပြီးတော့ ဒုတိယအကြိမ်ကျင်းပတဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာဆိုလို့ရှိရင် ကျွန်တော်တို့ ဆွေးနွေးချက်တွေ ကျွန်တော်တို့ လိုလားချက်တွေကို ပြည်သူလူထုထံကို တိုက်ရိုက်အသံလွှင့်ပြီးတော့မှ TV ကနေ တင်ပြခွင့်ရတယ်။ ပုဂ္ဂိုလ် ရ၂ ဦးက တင်ပြခွင့်ရတယ်။ ဒီလိုဟာမျိုးက ကျွန်တော်တို့ ပြည်ထောင်စုသမို်င်းမှာ တစ်ခါမှ မရှိခဲ့ဘူး။ ဒါဟာ အောင်မြင်မှုလို့ ကျွန်တော်မြင်ပါတယ်။

အဲဒီကာလမှာလည်း လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေကိုလည်း ကျွန်တော်တို့ ဖိတ်ခေါ်ပြီးတော့ ဥပမာဆိုရင် UNFC ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး နိုင်ဟံဟာကလည်း အဖွင့်မိန့်ခွန်းပြောတယ်။ ပြီးတော့ အဲဒီအဖွဲ့မှာပါတဲ့ အဖွဲ့အစညး်အားလုံးကလည်း သူတို့အမြင်ကို စုပေါင်းပြီးတော့ တင်ပြခွင့်ရတယ်။ ဆိုတော့ ဒါတွေက ကျွန်တော်တို့တိုင်းပြည်အတွက် အင်မတန်မှ ကောင်းတဲ့အလားအလာတွေဖြစ်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ကာလတုန်းက ပြီးခဲ့တဲ့ အစိုးရတွေခေတ်တုန်းက ကျွန်တော်တို့တို်င်းရင်းသားတွေက ဒီတိုင်းပြည်ရဲ့ ပြဿနာသည် နိုင်ငံရေးပြဿနာဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်ပေါ်လာရခြင်း အကြောင်းအရင်းသည် နိုင်ငံရေးပြဿနာဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပေးပါဆိုပြီးတော့ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ တောင်းဆိုခဲ့တယ်။ တစ်ခါမှ မရခဲ့ဘူး။ အခုမှပဲ ကျွန်တော်တို့ ရတာဖြစ်တယ်။

ဆိုတော့ အထူးသဖြင့် ပြီးခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းခေတ်တုန်းကပဲဖြစ်ဖြစ် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲ စစ်ရေးနဲ့ စစ်မြေပြင်မှာ ဖြေရှင်းတဲ့အခါကျတော့ အဖြေက ရသလားဆိုတော့ မရဘူး။ တိုင်းပြည်ပဲ ဒုက္ခရောက်တယ် ပြည်သူလူထုပဲ ဒုက္ခရောက်တယ်။ ဆိုတော့ အခု ကျွန်တော်တို့ လုပ်နေတဲ့ဟာက အောင်မြင်မှုတော့ မရသေးဘူး။ ဒါပေမယ့် လမ်းစတော့ ပွင့်နေပြီ၊ ဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့အတွက် NCA စာချုပ် လက်မှတ်ရေးထိုးခြင်းအားဖြင့် လမ်း စတင်ပွင့်လာတဲ့အတွက် ဒါက ကောင်းတဲ့အလားလာဖြစ်တယ်လို့ ကျွန်တော် တင်ပြလိုပါတယ်။

တူးတူးသာ

ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာပြောချင်တဲ့အကြောင်းအရောက ဒီ နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်နေတဲ့အချိန်မှာ အခုချိန်မှာတော့ ကျွန်မတို့က နိုင်ငံရေးအရ တိုးတက်မှုလမ်းစကို မြင်နေရပြီပေါ့နော်။ NCA ဆိုတဲ့အတိုင်း တစ်နိုင်ငံလုံး အပစ်ရပ်မှ NCA လို့ လုံးလုံး ခေါ်နိုင်မှာပေါ့။ အဲတော့ အပစ်ရပ်စဲရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာ မင်းဇော်ဦးအနေနဲ့ရော ဆရာအနေနဲ့ ဘာတွေ ဆက်ပြီးတော့ ပြောချင်လဲ။ ခုနက ဆရာပြောသွားတဲ့ ဟာကို ဘယ်လို ဖြည့်စွက် ပြောချင်လဲဆိုတာကို ပြောပေးပါဦး။

ဒေါက်တာမင်းဇော်ဦး (အဖွဲ့ခေါင်းဆောင်)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JIC-U)

ကျွန်တော်တို့ အပစ်အခတ်် ရပ်စဲရေးဘက်က ကြည့်မယ်ဆိုလို့ရှိရင် ခုနက ဒေါက်တာ ဆလိုင်းလျန်မှုန်း ပြောသလိုပဲ လက်မှတ်ထိုးတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲအရေအတွက်က အဆပေါင်းများစွာ လျော့ချနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့မှာရှိတဲ့စာရင်းတွေအရဆိုရင် အနည်းဆုံး ၁၂ ဆလောက် လျော့ချနိုင်ခဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အဓိက အရေးကြီးဆုံးအချက်က ဘာလဲဆိုတော့ ဒီ NCA မှာ တိုက်ပွဲတွေဖြစ်လာရင် ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အဓိကကျတဲ ယန္တရားဖြစ်တဲ့ JMC လို စုဖွဲ့မှုမျိုး ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ ပြဿနာတွေက ရှိမယ်။ ဒါပေမယ့် ရှိလာတဲ့အခါကျရင် စစ်မြေပြင်မှာ ပစ်ခတ်တိုက်ခိုက်တဲ့ နည်းလမ်းနဲ့မဟုတ်ပဲနဲ့ စာပွဲပေါ်မှာ ဒီပြဿာနာတွေကို ရှင်းလို့နိုင်တယ်ဆိုတဲ့ဟာကို အားလုံးက ဝို်င်းပြီးတော့ လက်ခံလိုက်တယ်။ ဒီယန္တရားကိုလည်း ကျွန်တော်တို့က အသက်ဝင်လာအောင် ကြိုးပမ်းလာနိုင်တဲ့ အဆင့်တစ်ခုကို ရောက်လာတယ်။

အခုဆိုရင် ကျွန်တော်တို့ ပြီးခဲ့တဲ့ လပိုင်းတုန်းက ရှမ်းပြည်မှာ တပ်မတော်နဲ့ RCSS နဲ့ ပစ်ခတ််တိုက်ခိုက်မှုတွေ ဖြစ်တဲ့အခါမှာ အခုဆိုရင် ကျွန်တော်တို့က ဒါတွေကို ဘယ်လိုဖြစ်လဲ ဘာကြောင့်ဖြစ်တယ် နောက် ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ စိစစ်ရေးအဖွဲ့တွေဖွဲ့ပြီး ဒါကိုသွားပြီး မြေပြင်မှာတင် ဆင်းပြီးတော့ လူထုကိုလည်း ရှင်းပြတယ်။ နှစ်ဖက်က တပ်တွေကိုလည်း စုံစမ်းပြီး မေးမြန်းတဲ့အဆင့်ထိကို ကျွန်တော်တို့ လုပ်တယ်။ ဒါက သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် မြန်မာပြည်မှာလုပ်ခဲ့တဲ့ ပစ်ခတ််တိုက်ခိုက်မှု ရပ်စဲရေး သမိုင်းကြောင်းမှာ ပြီးခဲ့တဲ့ NCA မထိုးခင်က ရှိခဲ့ပေမယ့် ဒါ ပထမဆုံးအချိန် ရှိခဲ့တာဖြစ်ပါတယ်။ ရှိလာတဲ့အတွက်ကြောင့်မို့ ရှိတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ထွက်လာတယ်ပေါ့နော်။

စိန်ခေါ်မှုကတော့ ခုနကပြောသလို NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်တယ်ပေါ့။ NCA မထိုးထားတဲ့အဖွဲ့တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေကို ကျွန်တော်တို့ သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင် NCA မထိုးတိုင်း တိုက်ပွဲဖြစ်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဥပမာ တောင်ပိုင်းမှာဆိုလို့ရှိရင် NNFP ရှိတယ်။ NNFP နဲ့က ဟိုး ၂၀၀၉ အရင် တပ်မတော်အစိုးရလက်ထပ်က ဒီဂျီရဲ့ လုပ်ရေးမလုပ်ရေး ပြောတာ သဘောတူရေး မတူရေး ဖြစ်ကတည်းက သဘောတော့ မတူပေမယ့် အဲဒီအချိန်ကတည်းက မဖြစ်ဘူး အခုချိန်ထိလည်း တိုက်ပွဲ တစ်ပွဲမှ ဖြစ်တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ထပ်ကြ့ည်မယ်ဆိုရင် NCA မထိုးထားတဲ့အဖွဲ့မှာ KNPP ရှိတယ်။ KNPP နဲ့ကျတော့လည်း ကျွန်တော်တို့ ပြန်ကြည့်တော့ တိုက်ပွဲက ဟိုးအရင် စစကတည်းက လက်မှတ်ထိုးလိုက်ကတည်းက ထိတွေ့မှုဖြစ်စဉ်ဆိုတာ တစ်ခုပဲရှိခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့က တိုက်ပွဲ မဖြစ်သလောက်လို့ ပြောလို့ရတယ်ပေါ့။ ကျွန်တော်တို့ FFPP နဲ့ ပြန်ကြည့်မယ်ဆိုရင် FFPP နဲ့က ၂၀၀၅ မှာ တိုက်ပွဲအပြင်းအထန်တွေ ဖြစ်ခဲ့တာတွေရှိတယ်။ ၂၀၀၅ အောက်တိုဘာမှာ နှစ်ဖက် တွေ့ဆုံပြီးတော့ နယ်မြေကန့်သတ်တဲ့ကိစ္စကို လုပ်လိုက်နိုင်တဲ့အပေါ်မှာ ၂၀၁၆ လည်းကျရော အနည်းဆုံး မဖြစ်ဘူးဆိုရင် ဆယ့်လေးငါးစလောက် တိုက်ပွဲအကြိမ်ရေ လျော့သွားတယ်။

၂၀၁၆ ထဲမှာ FFPP နဲ့ ဖြစ်တဲ့တိုက်ပွဲဆိုရင် NCA တော့မထိုးဘူး ဒါပေမယ့် ၂၀၁၆ ထဲမှာ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၅ မှာဖြစ်တဲ့ဟာထက် ၁၅ ဆလောက်ကို လျော့ချလိုက်တယ်။ ဒါက လက်မှတ်မထိုးတဲ့ အဖွဲ့နဲ့ ပြောတာပါ။ နောက်ထပ် လက်မှတ်မထိုးတဲ့အဖွဲ့ထဲမှာ နာဂနဲ့ဆိုရင် တိုက်ပွဲက မဖြစ်သလောက်ပဲလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ အဲတော့ ကျွန်တော်တို့ NCA လက်မှတ်မထိုးပဲနဲ့ တိုက်ပွဲဖြစ်တဲ့အထဲမှာ အခုဆိုရင် ဝ နဲ့ မိုင်လားနဲ့ ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ဝနဲ့ မိုင်းလားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်ဆိုတော့ အားလုံးကတော့ စိုးရိမ်ရတဲ့ အနေအထားမှာတော့ ရှိနေရတယ်ပေါ့နော်။ ဒါပေမယ့် ဆိုလိုချင်တဲ့ဟာက NCA ထိုးချင်း မထိုးချင်းနဲ့လည်း တိုက်ပွဲ ဖြစ်ခြင်း မဖြစ်ခြင်းကို တိုက်ရိုက်သွားပြီးတော့ ဆက်စပ်လို့တော့ မရဘူး။ NCA လက်မှတ်မထိုးပေမယ့် တိုက်ပွဲမဖြစ်တဲ့အဖွဲ့တွေ အများကြီးရှိတယ်ပေါ့။ အဲတော့ ကျွန်တော်တို့ သုံးသပ်ချက်တွေအရ ဘာသွားတွေ့လာလည်းဆိုတော့ NCA တော့ လက်မှတ်မထိုးထားဘူး ဒါပေမယ့် အောက်ခြေမှာ နယ်မြေသတ်မှတ်ချက်တွေ တိတိကျကျ ရှိတဲ့နေရာတွေမှာဆိုလို့ရှိရင် တိုက်ပွဲဖြစ်တဲ့ ဖြစ်နိုင်ခြေက ပိုပြီးတော့ လျော့နည်းတယ်။ နယ်မြေသတ်မှတ်ချက် ရှင်းရှင်းလင်းလင်းမရှိတဲ့ နေရာတွေမှာ တပ်တွေ ရောထွေးပြီးတော့ ထပ်နေတဲ့နေရာတွေမှာ နောက်ဆုံး တိုက်ပွဲဖြစ်နိုင်ချေ ပိုများတယ်။ အထူးသဖြင့် NCA လက်မှတ်ရေးထိုးထားရင်တောင် နယ်မြေသတ်မှတ်ချက် ရှင်းရှင်းလင်းလင်း မရှိဘူးဆိုရင် တိုက်ပွဲဖြစ်နိုင်ချေ ပိုများတယ်ဆိုတာကို ကျွန်တော်တို့ တွေ့လာတယ်။ ဥပမာဆိုလို့ရှိရင် NCA လက်မှတ်ရေးထိုးထားပေမယ့် RCSS နဲ့ တပ်မတော်ကြားမှာ ထိတွေ့မှုက အများဆုံးဖြစ်တယ်။ ဘာကြောင့်ဖြစ်လဲဆိုတာကို ကျွန်တော်တို့ ပြန်ကြည့်လိုက်တော့ ခုနက နယ်မြေသတ်မှတ်ချက်တွေမှာ သွားတွေ့တယ်ပေါ့။ သွားတွေ့တော့ ကျွန်တော်တို့ JNC ပေါ့ ပစ်ခတ််တိုက်ခိုက်ရေးဆိုင်ရာ စောင့်ကြည့် ကြီးကြပ်တဲ့ ကော်မတီလုပ်တဲ့အခါမှာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ နယ်မြေသတ်မှတ်ရေးကိစ္စတွေကို စတင်ပြီးတော့ လုပ်ဆောင်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ ကော်မတီကနေပြီးတော့ ဆုံးဖြတ်ချက်တွေချတယ်။ ချပြီး အခု အောက်ခြေအဆင့်မှာ တပ်မှူးတွေ အချင်းချင်းကြားမှာ နယ်မြေသတ်မှတ်ရေးကိစ္စတွေကို ကျွန်တော်တို့ ပြောနေပြီဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ နိဂုံးချုပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့က နယ်မြေသတ်မှတ်ရေးကိစ္စတွေကို လိုအပ်တယ်။ နောက်တစ်ခုက NCA ကို လက်မှတ်ထိုးခြင်းအားဖြင့် တင်းမာမှုတွေ ဖြစ်လာတဲ့အခါမှာ ဒီတင်းမာမှုတွေကို လျော့ချနိုင်တဲ့ ယန္တရားတွေက အသက်ဝင်လာမှာဖြစ်တယ်။ အဲဒီနှစ်ခုကို ကျွန်တော်တို့က အများကြီး အရေးကြီးပါတယ်ပေါ့နော်။ ခိုင်ခံ့ဖို့ဆိုရင်ပေါ့။ အဲဒါလေးတော့ ကျွန်တော် ပြောချင်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

 

Mizzima Weekly