၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၇ ဦးထိ အသတ်ခံခဲ့ရဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ပြော

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ဂျာနယ်လစ် ၅၇ ဦးထိ အသတ်ခံခဲ့ရဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့ ပြော
ဓာတ်ပုံ- ကိုစိုးမိုးထွန်းဖေ့ဘွတ်ခ်

ဒီဇင်ဘာ ၁၉ ။             ။ ယခုနှစ် ၂၀၁၆ အတွင်း ကမ္ဘာ့တစ်ဝန်းနေရာအနှံ့အပြားတွင် သတင်းလိုက်ရင်း အသတ်ခံခဲ့ရသည့် သတင်းထောက်ဦးရေ ၅၇ ဦးထက် မနည်းရှိခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ ဆီးရီးယားနိုင်ငံ တစ်နိုင်ငံတည်း၌ပင် အသတ်ခံရသည့် ဂျာနယ်လစ် ၁၉ ဦး ထိရှိခဲ့ကြောင်း၊ ယင်း၏ နောက်တွင် အာဖဂန်နစ္စတန်တွင် ဆယ်ဦး၊ မက္ကဆီကိုတွင် ကိုးဦးနှင့် အီရတ်တွင် ငါးဦးထိ ရှိခဲ့ကြောင်း သိရသည်။

အထက်ပါ အသတ်ခံရသူ ဂျာနယ်လစ်အားလုံးမှာ ပြည်တွင်းအခြေစိုက် သတင်းသမားများ ဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ် ကမ္ဘာတစ်ဝန်း သတင်းလိုက်ရင်း အသတ်ခံရသူသတင်းသမားဦးရေမှာ ယခင်နှစ် ၂၀၁၅ က ၆၇ ဦးထက်စာလျင် နည်းပါးနေသည်ဟု ဆိုရမည်ဖြစ်သော်လည်း ဂျာနယ်လစ် အများစုမှာ ယခုနှစ်အတွင်း အန္တရာယ်နေရာများဖြစ်သော ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ယီမင်၊ အာဖဂန်နစ္စတန် နှင့် ဘူရွန်းဒီတို့မှ ရှောင်တိမ်းခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ အရေအတွက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောသည်။

ယခုကဲ့သို့ ပဋိပက္ခစစ်ပွဲများဖြစ်ပွားရာ အရပ်ဒေသနိုင်ငံများထံမှ သတင်းသမားများ ထွက်ခွာရှောင်တိမ်းလာခြင်းကလည်း ယင်းကဲ့သို့နိုင်ငံများတွင် သတင်းအချက်အလက် ဖော်ထုတ်သိရှိနိုင်မှုပိုင်းတွင် လစ်ဟာမှုများဖြစ်စေခဲ့ကြောင်းလည်း ယင်းအဖွဲ့က သုံးသပ်ပြောကြားသည်။

အလားတူ ယခုနှစ်အတွင်း ဘလော့ဂါကိုးဦးနှင့် မီဒီယာဝန်ထမ်း ရှစ်ဦးတို့လည်း သတ်ဖြတ်ခံထားရသေးကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံများတွင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးလိုသူများက သတင်းမီဒီယာဌာနများနှင့် ဂျာနယ်လစ်များကို ငွေပေးထိန်းချုပ်နှုတ်ပိတ်မှုများ ရှိခဲ့ကြောင်းနှင့် မလိုက်နာသူများကို အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်စဉ်များရှိခဲ့ကြောင်း သတင်းသမားများအဖွဲ့က ပြောသည်။

ယင်းအတွက်ကြောင့်လည်း မက္ကဆီကိုကဲ့သို့ နိုင်ငံများ၌ သတင်းသမားများမှာ အသတ်ခံရမည့်ဘေးမှ ရှောင်တိမ်းနိုင်ရန် သတင်းများကို ကိုယ်တိုင်စိစစ်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

အာဖဂန်နစ္စတန်တွင်လည်း ယခုနှစ်အတွင်း သတင်းရေးသားဖော်ပြမှုများကြောင့် သတင်းထောက် ၁၀ ဦး ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ သတင်းသမားတစ်ဦးဖြစ်တဲ့ မုံရွာအခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း ဒီဇင်ဘာလအတွင်း အသတ်ခံခဲ့ရပြီး အမှုအတွက် လက်ရှိစုံစမ်းစစ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly