အိန္ဒိယနိုင်ငံ အင်ဖာမြို့အနီး ပဋိပက္ခများဖြစ်ပွားပြီး ကား ၂၂ စီး မီးရှို့ခဲ့၍ ကာဖျူးအမိန့်ထုတ်ထား

အိန္ဒိယနိုင်ငံ အင်ဖာမြို့အနီး ပဋိပက္ခများဖြစ်ပွားပြီး ကား ၂၂ စီး မီးရှို့ခဲ့၍ ကာဖျူးအမိန့်ထုတ်ထား
ဓာတ်ပုံ-AP

ဒီဇင်ဘာ ၁၉ ။                    ။ ယမန်နေ့ညနေက အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့၊ အရှေ့ပိုင်းဒေသတွင် မော်တော်ယာဉ် ၂၂ စီး မီးရှို့တိုက်ခိုက်မှု ပဋိပက္ခတစ်ရပ်ဖြစ်ပွားခဲ့ပြီး အဆိုပါ   ဒေသတွင် နေထိုင်သော နာဂလူမျိုးများနှင့် ဆက်စပ်နေသည်ဟု အိန္ဒိယအခြေစိုက် Hindustan Times တွင် သတင်းရေးသားဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖာမြို့၊ အရှေ့ပိုင်းဒေသတွင် ဒီဇင်ဘာလ ၁၈ ရက်က ဒေသခံများက နာဂတို့၏ စီးပွားရေးအရ ပိတ်ဆို့မှုတို့ကို ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် မော်တော်ကားများ၊ ဘတ်စကားများနှင့် အခြားယာဉ် စုစုပေါင်း စီးရေ ၂၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ် ပျံ့နှံ့ခဲ့ပြီးနောက် ဒေသအာဏာပိုင်များက ယင်းဒေသဝန်းကျင်နှင့် အင်ဖာမြို့အနောက်ခြမ်းတို့တွင် ညမထွက်ရ အမိန့်ပြဋ္ဌာန်းလိုက်ပြီး သက်ဆိုင်ရာဧရိယာတစ်ကြောတွင် အင်တာနက်လိုင်းများကိုလည်း ပိတ်ထားလိုက်သည်ဟု သိရသည်။

အင်ဖာမြို့အရှေ့ပိုင်း မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးမှုဖြစ်စဉ်တွင် မီးရှို့သူများမှာ ကားမောင်းသူများ၊ ခရီးသည်များကို ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားပြီးနောက် ရဲများနှင့် လက်နက်ကိုင်လုံခြံုရေးအဖွဲ့များမှာ ဖြစ်ပွားရာ ဧရိယာတစ်ဝိုက်တွင် ကင်းလှည့်ထိန်းချုပ်ခဲ့ကြရပြီး ယင်းမတိုင်မီ စုဝေးရောက်ရှိနေခဲ့သော လူစုကိုလည်း မျက်ရည်ယိုဗုံးဖြင့် လူစုခွဲထားခဲ့ရသည်။

အင်ဖာမြို့အနောက်ပိုင်း Sagolband ဧရိယာတွင်လည်း အမျိုးသမီးများက မျိုးနွယ်စုအရပ်ဒေသများသို့ ပို့ဆောင်သည့် လူသုံးကုန်ပစ္စည်းများ အမယ်အပြားအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။

အမျိုးသမီးတစ်ဦးကလည်း UNC (နာဂစည်းလုံးညီညွတ်မှုကောင်စီ )ကို စစ်သွေးကြွအဖွဲ့ကို ကာကွယ် ရပ်တည်ပေးနေသောအဖွဲ့အစည်းဟု သမုတ်ခဲ့ပြီး ယင်းကို တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်သင့်ကြောင်း ပြောသွားသည်။

ယခုဖြစ်စဉ်တွင် ဆန္ဒပြတိုက်ခိုက်သူများမှာ နာဂတို့ ထိန်းချုပ်ထားသော တောင်ပေါ်ဒေသများမှ အင်ဖာမြို့ဆီသို့ လာသော ကားများကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

မဏိပူရရှိ ဒေသခံများမှာ နို၀င်ဘာလကတည်းက နာဂမျိုးနွယ်အုပ်စုများ၏ စီးပွားရေးအရ ပိတ်ဆို့ကန့်သတ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုပြီး  ပြည်နယ်သို့ဝင်ရောက်သည့် စက်သုံးဆီနှင့် ဆေးဝါးကဲ့သို့ အခြေခံသုံးကုန်များကို ထိန်းချုပ်ကန့်သတ်ထားခြင်းကြောင့် စျေးနှုန်းများ မြင့်တက်မှုနှင့် ကြံုတွေ့ခဲ့ရသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly