ဂီးဒေါန်(Gidon) စခန်းကျသွားခြင်းအတွက် ဝမ်းမနည်းကြရန် KIO ဗိုလ်ချုပ် ဂွမ်မော် ပြန်ကြား

ဂီးဒေါန်(Gidon) စခန်းကျသွားခြင်းအတွက် ဝမ်းမနည်းကြရန် KIO ဗိုလ်ချုပ် ဂွမ်မော် ပြန်ကြား

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၇ ။                ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး  KIA တပ်မဟာ ၅ လက် အောက်ခံ အမှတ် ၂၅၂ အထူးလှုပ်ရှား တပ်ဖြစ်သော ရှေ့တန်းစခန်း ဂီးဒေါန်(Gidon) ပိုစ့်ကို ကျသွားခြင်းအတွက် စိတ်မကောင်းဖြစ်စရာ မလိုကြောင်း KIO ၏ ဒုတိယ ဥက္ကဋ္ဌ (၂)  ဗိုလ်ချုပ် ဂွမ်မော်က သူ၏ လူမှု ကွန်ယက်တွင် ကချင်ဘာသာဖြင့် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်ဂွမ်မော်၏ လူမှုကွန်ယက် စာမျက်နှာတွင် “ကချင်အမျိုးသားများရဲ့ “ယုံကြည်မှု” နဲ့ “စိတ်ဓါတ်” ကို ဂီဒေါန်ပိုစ့်နှင့် လဲလှယ်လိုက်ရတဲ့အတွက် ကျနော်တို့ ဝမ်းနည်းဖို့ မရှိကြရန် သူ၏ ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

ထို့ပြင် ကချင်အမျိုးသားများ၊ ပြည်သူလူထုများ၏ ထောက်ခံအားပေးမှုနှင့် ချစ်ခြင်းမေတ္တာ ကြီးမားမှုကို ဂီးဒေါန် တိုက်ပွဲ က သက်သေအဖြစ်တွေ့မြင်နေရပါပြီ ဖြစ်ကြောင်းနှင့် ၄ လကြာ ခုခံကာကွယ်နိုင်ခဲ့သည့် အာဇာနည်များ၊ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိကို လေးစားအသိအမှတ်ပြုလိုက်ပါပြီ” ဟုုလည်း ထည့်သွင်း ရေးသားထားသည်။

ဒီဇင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှစတင်၍ မြန်မာ့တပ်မတော်ဘက်မှ အဆိုပါ ဂီးဒေါင်ပိုစ့်သို့ ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်လာသဖြင့် ဆုတ်ခွာပေး လိုက်ရခြင်းဖြစ်သည်ဟု  KIO  အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောသည်။

“အရင်ကတည်းကနေ တပ်မတော်ဘက်ကနေ မြေပြင်ကနေ ၃၊ ၄ ကြိိမ် ထိုးစစ်ဆင်တာကိုတော့ ကျနော်တို့ဘက်က ခုခံ ကာကွယ်ခဲ့တယ်။ မြေပြင်ကနေ တိုက်တာ ၁ လကျော်ရှိပြီ။ မနေ့ကတော့   လေယာဉ်နဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ပစ်ခတ် တော့ မြေမြင်နဲ့ လာတိုက်တော့ ဖယ်လိုက်ရတယ်။ မွန်းလွဲ ၁ နာရီကျော်လောက်မှာထင်တယ်”ဟု သူက ပြောသည်။

အဆိုပါ ဂီးဒေါန်ပိုစ့်ကို မြန်မာ့တပ်မတော်က သိမ်းပိုက်သွားသော်လည်း စစ်ရေးအရ ဆုံးရှုံးနစ်နာမှု မရှိကြောင်း၊ တိုက်ပွဲ ရှုံုးခြင်း မဟုတ်ဘဲ စခန်းတခုကို ရှုံုးလိုက်ရခြင်းသာဖြစ်ကြောင်း သူက ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly