ဂွာဒီယိုလာ ဝေဖန်ခံရနေရခြင်းမှာ မိမိနှင့်နှိုင်းယှဉ်လျှင် မပြောပလောက်ဟု အာစင်ဝင်းဂါးပြော

ဂွာဒီယိုလာ ဝေဖန်ခံရနေရခြင်းမှာ မိမိနှင့်နှိုင်းယှဉ်လျှင် မပြောပလောက်ဟု အာစင်ဝင်းဂါးပြော

ဒီဇင်ဘာ ၁၇၊ လန်ဒန်။          ။ မန်စီးတီးနည်းပြဂွာဒီယိုလာ ဝေဖန်ခံနေရခြင်းမှာ မိမိအင်္ဂလန်သို့ ပထမဆုံးရောက်စ အချိန်ကနှင့်နှိုင်းယှဉ်လျှင် ပြောပလောက်သည့် အနေအထားမဟုတ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆိုသည်။

ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာသည် ပရီးမီးယားလိဂ်သို့ ရာသီမစခင် ရောက်လာခဲ့စဉ်က ခမ်းနားစွာ ကြိုဆိုခံခဲ့ရသော်လည်း လက်ရှိတွင် ချန်ပီယံလိဂ်နှစ်ကြိမ်ရနည်းပြနှင့် ၎င်း၏နည်းစနစ်များမှာ ပိုင်းခြားဝေဖန်ခံနေရသည်။

ရာသီအစတွင်တာထွက်ကောင်းခဲ့ပြီးနောက် ခြေစွမ်းတည်ငြိမ်ရန်ရုန်းကန်ခဲ့ရကာ အဆင့် ၄ နေရာတွင်ရပ်တည်နေသည်။

“ကျွန်တော်စရောက်တုန်းက သတင်းစာတွေမှာ ဘာတွေရေးထားလဲဆိုတာ ယူလာပြီးပြချင်ပါတယ်။ ဒီနေ့ခေတ်မှာ နိုင်ငံခြားသား နည်းပြတွေ ပိုပြီးအသက်ရှူချောင်တယ်ဆိုတာ တွေ့ရလိမ့်မယ်။

ကျွန်တော် အင်္ဂလန်ကို ရောက်စအချိန်က နိုင်ငံခြားသားနည်းပြတွေအတွက် ခက်ခဲတဲ့အချိန် ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်္ဂလန်နည်းပြတွေအတွက် ခက်ခဲတဲ့ အချိန်ဖြစ်သွားပြီ။ ပြောင်းလဲသွားတာ အဲဒါပါပဲ။

ဝေဖန်စာတွေကြောင့် ကျွန်တော်အံ့သြရတာလည်း ရှိသလို မအံ့သြရတာလည်း ရှိပါတယ်။ ဘာကြောင့် အံသြလည်းဆိုတော့ သူ့ရဲ့ မှတ်တမ်းကောင်းကြောင့်ဖြစ်ပြီး မအံ့သြတာကတော့ ဒါက ဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မော်ဒန်ဘဝက ကျွန်တော်တို့ရဲ့ အလုပ်ဖြစ်လို့ပါ။

ဒီနိုင်ငံမှာ လူတွေကဘောလုံးကို တကယ်ချစ်ကြပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပါတယ်။ ကျွန်တော်အဲဒါကို လေးစားသလို လူတွေကလည်း သူတို့အားပေးတဲ့ အသင်းကို နိုင်စေချင်ကြတယ်။

အဆုံးမှာတော့ လူတွေက စိတ်မရှည်ချင်ကြတော့ဘူး။ ခေတ်သစ်လူမှုအဖွဲ့အစည်းက အဲဒီလိုပါပဲ”ဟု အာစင်ဝင်းဂါးက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly