ထိုင်း - မြန်မာနယ်စပ်မှ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ထိုင်းနှင့် တိုင်းရင်း မီဒီယာများ ဆွေးနွေး

ထိုင်း - မြန်မာနယ်စပ်မှ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် ထိုင်းနှင့် တိုင်းရင်း မီဒီယာများ ဆွေးနွေး

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၇ ။         ။ ထိုင်း-မြန်မာနယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် တိုင်းရင်းသား သတင်းမီဒီယာများနှင့် ထိုင်းသတင်းမီဒီယာများသည် ပထမဆုံးအကြိမ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးမှု နှစ်ရက်ကြာ ကျင်းပခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ထိုင်း- မြန်မာနယ်စပ်များရှိ သတင်းအချက်အလက်များ ထုတ်လုပ်နိုင်ရန် အတွက် နှစ်ဖက်ချိတ်ဆက် အလုပ်လုပ်နိုင်ရေးနှင့် မြန်မာတိုင်းရင်း မီဒီယာများတွင် ကြံုတွေ့ရသည့် အခက်အခဲများကို ဖလှယ်ကာ ရှေ့ဆက် လက်တွဲ၍ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန် အဓိက ဆွေးနွေးခဲ့သည်ဟု နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI)မှ ဦးဆောင်အဖွဲ့ဝင် စိုင်မိဏ်းက ပြောသည်။

“ နှစ်ရက်တာ အစည်းအဝေးမှာ သတင်းတွေကို ဘယ်လို ချိတ်ဆက်ပြီးလုပ်ကြမလဲဆိုတာကို အဓိက ဆွေးနွေးတယ်။ လက်ရှိ ဆိုရှယ်မီဒိယာကို အသုံးပြုပြီးတော့ အဆက်မပြတ်ဘဲနဲ့ အမြဲတမ်း ရင်းရင်းနှီးနှီးရှိအောင် အဲဒါ အဓိက ရခဲ့ပါ တယ်။ တကယ် လက်တွဲလုပ်မယ်။ ဘာလုပ်မယ်ဆိုတာတွေတော့ မဟုတ်သေးဘူး။ မိတ်ဖွဲ့တဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

နယ်စပ်တလျှောက်က သစ်ခိုးထုတ်မှုများ၊ ကျောက်မီးသွေးထုတ်လုပ်မှု၊ ရေအားလျှှပ်စစ်ထုတ်ုလုပ်မှု၊ ရေအားလျှပ်စစ် ထုတ်လုပ်မည့် သံလွင်မြစ်ပေါ် တည်ဆောက်မည့် စီမံကိန်းကြောင့် သဘာဝဘေးအန္တရာယ်ကြံုတွေ့နေရသည့် ဒေသခံများ၏ ခံစားချက်များကို လူထုများ သိရှိနိုင်ရေး သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်အတွက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ထိုင်းနယ်စပ်တလျှောက်က စီးပွားရေးလုပ်ငန်းလုပ်တဲ့ နေရာမှာရော၊ ရင်းနှီးမြုှပ်နှံမှုလုပ်တဲ့ နေရာမှာရော ကျနော်တို့ မြန်မာနိုင်ငံထဲမှာ တရုတ်ပြီးရင် ထိုင်းက ဒုတိယဆိုတော့ ကျွန်တော်တို့ဆီက ထုတ်လာတဲ့ သဘောဝ သံယံဇာတတွေ၊ ဥပမာ ဂက်စ်တို့။ ရေအားလျှပ်စစ်တို့ စသည်ဖြင့်် ထိုင်းကို ဝင်လာတာတွေရှိတယ်။ ထိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့ခံရတာက ဒေသခံ လူထုတွေ၊ အဲဒီဒေသခံ လူထုရဲ့ ခံစားချက်တွေကို ထိုင်းလူထုကနေပြီးတော့မှ ထိုင်းလုပ်ငန်း ရှင်တွေ ကို ဘယ်လိုတွန်းအားပေးမလဲ။ လူထုခံနေရတဲ့ဟာတွေကို ထိုင်းလူထုကနေ ဘယ်လိုမျိုး   ပြုပြင်ပြောင်းလဲ   ပေးနိုင်မှာလဲ။ သူတို့ သိအောင် ဘယ်လို လုပ်ကြမလဲဆိုတာကို အဓိက ပြောဆိုကြတယ်။ ဒီလိုသတင်းတွေပေါ့” ဟု စိုင်မိဏ်းက ပြော သည်။

ဆွေးနွေးပွဲကို ထိုင်းမီဒီယာတစ်ခုဖြစ်သော Transborder News က ကမကထ ပြုလုပ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်အခြေစိုက် သတင်းသမားများ၊ ဝါရင့်သတင်းသမားများ၊   နိုင်ငံတကာ   မြန်မာ့သတင်းအဖွဲ့ (BNI)မှ ကိုယ်စားလှယ်များ၊ လူမှုအခြေပြု အ ဖွဲ့အစည်းများ ဖြစ်သော ရှမ်းနှင့် ကချင်အမျိုးသမီးအဖွဲ့အစည်းများ၊ မြစ်ချောင်းအင်အိုင်အဖွဲ့့၊ သံလွင်မြစ် စုပေါင်းစောင့် ကြည့်ရေးအဖွဲ့၊ ရှမ်းနှင့် ကရင် လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် ၃၀ ခန့် တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly