ကျောက်တံတားရှိ လမ်းဘေးစျေးသည်များ စည်ပင်ရှင်းလင်းဖယ်ရှားမှုအတွက် စိုးရိမ်ပူပန်

ကျောက်တံတားရှိ လမ်းဘေးစျေးသည်များ စည်ပင်ရှင်းလင်းဖယ်ရှားမှုအတွက် စိုးရိမ်ပူပန်
ဓာတ်ပုံ-သူရ

ကျောက်တံတားမြို့နယ်အတွင်း စျေးမရောင်းရ လမ်းမ ရ လမ်းမှ စျေးသည်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရှင်းလင်းဖယ်ရှားလျက်ရှိရာ စျေးရောင်းချသည့်စျေးသည်များမှ စိုးရိမ်ထိတ်လန့်မှုများရှိနေသည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၂ရက်ကစတင်ပြီး  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ကျောက်တံတားမြို့နယ်ရှိ စျေးမရောင်းရ လမ်းမ ရ လမ်းကို လူအင်အား ၁၂ဝ ခန့်ဖြင့် လိုက်လံ ဖယ်ရှားခဲ့ပြီး အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်း၊ ကုန်သည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်း လမ်းမတို့ကို ၂၄ နာရီ စျေးရောင်းချခွင့် မပြုထားကြောင်း သိရသည်။

 " ဘာပဲဖြစ်ဖြစ် အားလုံးကို မျှမျှတတနဲ့ လုပ်စေချင်တယ်။ သူတို့က မြို့တော်လှပဖို့အတွက် လုပ်တယ်ဆိုပေမယ့် ကျွန်တော်တို့ဘဝတွေကတော့ စုတ်ပြတ်နေပါပြီ " ဟု သစ်သီးစျေးသည် ဦးမောင်မောင်(အမည်လွှဲ)က ပြောသည်။

​ မဟာဗန္ဓုလပန်​းခြံလမ်​းနဲ့ဘဏ်​လမ်​းတို့မှာ ​စျေးသည်​​တွေကို​နေရာချ​ထားပေးပြီး မနက်ပိုင်းနှင့် ညပိုင်း နှစ်ချိန်ခွဲထားပြီး စျေးသည်​​တွေကို ၂၄နာရီ ​စျေး​ရောင်​းချခွင်​့မပေးထားတာ​ကြောင်​့ လိုက်​လံဖယ်​ရှား​နေတာဖြစ်​သည်ဟု စည်ပင်သာယာရေးကော်မတီမှ သိရသည်။

" ကျွန်တော်တို့က တောက်လျှောက်ဖယ်ရှားတာတွေလုပ်မှာ။ ဒီ စျေးသည်တွေရဲ့ စည်းကမ်းသင်ယူမှု မရမချင်းပေါ့ဗျာ။ သူတို့ရဲ့ စည်းကမ်းကို သူတို့လိုက်နာပြီးဆိုရင်တော့ ကျွန်တော်တို့ အရှိန်လျော့သွားမှာပေါ့။ လုပ်တာကတော့ မနက် ရ နာရီကနေ ည ၈ နာရီထိပဲ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မျိုးက ပြောသည်။

ရောင်းချသည့် စျေးသည်များကိုလည်း မဖယ်ရှားမီ  စည်ပင်သာယာမှ ၃ ရက် ကြိုတင် အသိပေးခဲ့ပြီး " ကျွန်မတို့ကလည်း အလကားနေ စည်းကမ်း ချိုးဖောက် ချင်တဲ့သူတွေမှ   မဟုတ်တာ။ ကျွန်မတို့ရဲ့ အခက်အခဲကို နားထောင်ပေးသင့်တယ်။ ခုတော့ ဘယ်လိုပြောရမလဲ။ ပြောချင်တဲ့ စိတ်တွေ၊ တောင်းဆိုချင်တဲ့ စိတ်တွေ ကုန်ပါပြီ ” ဦးထုတ်များ ရောင်းချသူ ဒေါ်အေးအေးမိက ပြောသည်။

သတ်မှတ်ရောင်းချနေသူများကို စျေးရောင်းကတ်ပြားများ ထုတ်ပေးထားပြီး မရောင်းချရ နေရာတွင်ရောင်းချပါက ပစ္စည်းသိမ်းယူမှုများ ရှိသည်ဟု သိရသည်။ “ရောင်းနေတဲ့ သူတွေ့ရင်တော့ ပစ္စည်းသိမ်းတာပေါ့။ ပြီးရင် ရုံးယူသွားမယ်။ တန်ဖိုးမရှိတဲ့ပစ္စည်းတွေကို ထိန်ပင် အမှိုက်ပုံဆီပို့ပြီး အဲ့ဒီမှာ ဖျက်ဆီးလိုက်တယ်။ တန်ဖိုးရှိတဲ့ပစ္စည်းကြတော့ ကာယကံရှင်အနေနဲ့ ပြန်လိုချင်တယ်ဆိုရင် တည်ဆဲဥပဒေနဲ့တရားစွဲမယ်။ ဒဏ်ငွေပေးပြီးလို့ ဖြတ်ပိုင်းရရင်တော့ သူကို ပြန်ပေးလိုက်မယ်" ဟု ဦးအောင်ဇော်မျိုးက ပြောသည်။

စျေးမ​ရောင်​းရ လမ်​းမများ​ပေါ် လမ်​း​ဘေး​စျေးသည်​​တွေကို ​စျေးမ​ရောင်​းချရန် လွန်ခဲ့သည့် ၄ ရက်မှ ​အော်​လံ နဲ့လိုက်​လံ​ဆော်​​သြောခဲ့ပြီး ရောင်​းချ​ကြောင်းတွေ့ရှိခဲ့ရင်​​တော့ ပစ္စည်​းသိမ်​းယူမှာ ဖြစ်​သည်ဟု စည်ပင်သာယာမှ ပြောထားသည်။ စျေးသည်အချို့ကတော့ " ဒီလိုပဲ အခြေအနေကြည့် လှုပ်ရှားနေရတာပေါ့။ မတတ်နိုင်ဘူး။ သိမ်းလည်း ခံရမှာပေါ့။ မရောင်းလို့မှ မရတာ။ အသိမ်းမခံရအောင်တော့ အဆင်ပြေအောင်ကြည့်နေရတယ်။ ခုနကတောင် စပီကာနဲ့အော်သွားပြီ။ မလွယ်ပါဘူး " ဟု ဆိုသည်။

ထိုသို့ သတ်မှတ်နေရာများတွင် ရောင်းချသူ စျေးသည်အချို့လည်း အဆင်မပြေမှုများရှိနေကြောင်း သိရသည်။ မနက်စာမုန့်ရောင်းချသူတစ်ဦးဆိုလျှင် ညပိုင်းရောင်းခွင့်သာပေးထားသောကြောင့် အဆင်မပြေဟု ညည်းတွားပြောဆိုသည်။

ထိုကဲ့သို့ ရန်ကုန်မြို့တော်စည်ပင်က ဖယ်ရှားခြင်းမှာ မြို့နယ်အနေဖြင့် ၂ဝ၁၂ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သော်လည်း အင်အားအသုံးပြု ဖယ်ရှားသည်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှစတင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly