ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာခြင်းက အာရှလင်းပိုင်များကို ခြိမ်းခြောက်လာနေ

ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာခြင်းက အာရှလင်းပိုင်များကို ခြိမ်းခြောက်လာနေ

ဒီဇင်ဘာ ၁၆ ။               ။ အာရှနိုင်ငံအများစု၌ လင်းပိုင်စောင့်ကြည့်လေ့လာသည့် ခရီးသွားစျေးကွက် ကျယ်ပြန့်ဖွံ့ထွားလာသည်နှင့်အမျှ ဒေသတွင်းရှိ ရေနေနို့တိုက်သတ္တဝါများ  ကောင်ရေလျော့ကျ လာနေမှုအန္တရာယ်နှင့် ကြံုတွေ့လာနေရကြောင်း နိုင်ငံတကာလေ့လာချက်တစ်ခုအရ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ နှင့် ၂၀၁၄ ကြားကာလအတွင်း ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် လင်းပိုင်စောင့်ကြည့်လေ့လာသည့် ခရီးသွားနေရာများ ပေါများလာသည်ကို ယခုလေ့လာချက်တွင် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ " ဒီလိုမျိုး လင်းပိုင်တွေ သွားကြည့်တဲ့ခရီးသွားလုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်သူတွေများလာတော့ အကျိုးအမြတ်ရရှိမှု နည်းလာတာပေါ့၊ လုပ်တဲ့သူတွေကများလာတာကိုး" ဟု သြစတြေးလျ၏ James Cook တက္ကသိုလ်မှ သုတေသီ Putu Liza Mustika က ပြောသည်။

အလားတူ ယခုအခါ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင်လည်း ယင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ၉၀ ကျော်ထိရှိလာနေပြီဖြစ်ပြီး လင်းပိုင်များနေထိုင်ကျက်စားရာ ရေပြင်အနီး သွားလာခြင်းက ယင်း   ရေနေသတ္တဝါများကို တိုးမြင့်ခြိမ်းခြောက်လာနေကြောင်း လေ့လာချက်အရသိရသည်။

အထက်ပါ အာရှဒေသတွင်းရှိ လင်းပိုင်ကြည့်ခရီးသွားလုပ်ငန်းနေရာများအနီး နေထိုင်သူများ၏ ပြောကြားချက်အရ ယင်းခရီးသွားဇုန်များ၌ လင်းပိုင်ကောင်ရေ အရေအတွက်မှာ နောက်ပိုင်းနှစ်များအတွင်း သိသိသာသာ လျော့ကျခဲ့သည်ဟု သိရသည်။

" ဒီလိုနေရာမျိုးတွေမှာ လှေတွေ၊ရေယာဉ်တွေအများကြီး ရောက်နေတာက လင်းပိုင်တွေ သိပ်တော့ကောင်းလှတာမဟုတ်ပါဘူး၊ လူတွေကြောင့် သူတို့ကောင်းကောင်း အနားယူလို့မရဘူး၊ သူတို့ အစာစားတာကအစ အနှောက်အယှက်ဖြစ်ရတယ်၊ သိရသလောက် မိခင် လင်းပိုင်နဲ့ သားပေါက်လင်းပိုင်တို့အကြား ဆက်သွယ်မှုကိုပါ အနှောက်အယှက်ဖြစ်စေတယ်၊ သူတို့တွေအကြား အသံပေး ဆက်သွယ်ကြတာပါ၊ ခုတော့ လှေတွေ၊ ရေယာဉ်တွေရဲ့အင်ဂျင်စက်သံကြောင့် လင်းပိုင်တွေအကြား အသံပေးဆက်သွယ်လို့မရနိုင်တော့ဘူး" ဟု Mustika က ပြောသည်။

သြစတြေးလျ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများရှိ တက္ကသိုလ်များမှ သုတေသီများပါ၀င်သော အဖွဲ့တစ်ခုက ယင်းလေ့လာချက်ကို လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ဒေသတွင်းရှိ နာမည်ကျော် လင်းပိုင်ကြည့်ခရီးသွားနေရာများ၌ ထိန်းချုပ်ကန့်သတ်မှုများ ပြုလုပ်သင့်နေပြီဖြစ်ကြောင်း အဆိုပြုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly