ရွေးကောက်ပွဲ၌ ရုရှ၏ ခြေထိုးမှုနှင့် ပတ်သက်ပြီး အရေးယူသွားမည်ဟု အိုဘားမား ပြော

ရွေးကောက်ပွဲ၌ ရုရှ၏ ခြေထိုးမှုနှင့် ပတ်သက်ပြီး အရေးယူသွားမည်ဟု အိုဘားမား ပြော

နယူးယောက်၊ ဒီဇင်ဘာ ၁၆ ။             ။ အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း ရုရှနိုင်ငံက ခြေထိုးမှုများရှိခဲ့သည်ဟု စွပ်စွဲထားချက်များနှင့် ပတ်သက်ပြီး အရေးယူလုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း အမေရိကန်သမ္မတအိုဘားမားက ပြောသည်။

“ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ဒါကို လုပ်ဆောင်သွားမှာဖြစ်တယ်။”သမ္မတက NPR သို့ ပြောခဲ့သည်။

ရုရှနိုင်ငံအနေဖြင့် ဒီမိုကရက်တစ်ပါတီ၏ အီးမေးလ်များ၊ အထူးသဖြင့် ဟီလာရီကလင်တန်၏ လက်ထောက်တစ်ဦးကို အဓိကထားပြီး ဟက်ကာဖောက်ထွင်းခဲ့ကြောင်း အမေရိကန်က စွပ်စွဲထားသည်။ ရုရှက ယင်းစွပ်စွဲချက်အား ပြင်းပြင်းထန်ထန် ငြင်းဆန်သည်။

ရီပတ်ဘရီကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကလည်း ထိုစွပ်စွဲမှုများသည် အဓိပ္ပာယ်မရှိကြောင်း၊ နိုင်ငံရေး စေ့ဆော်ချက်များပါကြောင်း ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ ဟက်ကာတိုက်ခိုက်ခံရမှု နောက်ကွယ်တွင် ရုရှအစိုးရနှင့် ချိတ်ဆက် ပက်သက်မှုရှိသော ရုရှဟက်ကာများပါဝင်နေသည့် သက်သေများ အများအပြားရှိထားကြောင်း အမေရိကန်   ထောက်လှမ်းရေးအေဂျင်စီများက ပြောသည်။

အဆိုပါ ဆိုင်ဘာတိုက်ခိုက်မှုများ၌ ရုရှသမ္မတ ဗလာဒီမာပူတင်ကိုယ်တိုင် ပါဝင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၅ ရက်က ပြောခဲ့သည်။

နာရီအနည်းငယ်အကြာ၌ သမ္မတအိုဘားမားကလည်း “ကျွန်တော်တို့ ရွေးကောက်ပွဲတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေအောင် ပြည်ပအစိုးရတစ်ရပ်ရပ်က ကြိုးစားလုပ်ဆောင်တယ်ဆိုတာ သံသယရှိစရာ မလိုဘူးလို့ ကျွန်တော်ထင်တယ်။

ကျွန်တော်တို့အနေနဲ့ အရေးယူူသွားဖို့ လိုအပ်တယ်။ ကျွန်တော်တို့ ဒါကို လုပ်ဆောင်သွားမှာပါ။”ဟု ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags