အင်ဒိုနီးရှား သမ္မတနန်းတော်ကို အသေခံဗုံးခွဲမည့် အမျိုးသမီးနောက်တစ်ဦးအား ဖမ်းဆီးမိ

အင်ဒိုနီးရှား သမ္မတနန်းတော်ကို အသေခံဗုံးခွဲမည့် အမျိုးသမီးနောက်တစ်ဦးအား ဖမ်းဆီးမိ

ဂျကာတာ၊ ဒီဇင်ဘာ ၁၅ ။            ။ အင်ဒိုနီးရှားနိုင်ငံ၏ တန်ပြန်အကြမ်းဖက်ဖြိုခွင်းရေးယူနစ် Densus 88 က ဂျကာတာမြို့တော်အတွင်းရှိ သမ္မတနန်းတော်အား ဗုံးခွဲရန် စီစဉ်ထားကြသော အကြမ်းဖက်အုပ်စုတစ်ခုနှင့် ချိတ်ဆက်ပတ်သက်သည့် အမျိုးသမီးနောက်တစ်ဦးကို ဖမ်းဆီးရမိသည်။

ဒီဇင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် လေးနာရီခွဲခန့်က ထိုအမျိုးသမီးနေထိုင်ရာ အနောက်ဂျဗားရှိ တာစစ်မာလာယာအရပ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အွန်လိုင်းသတင်းမီဒီယာ Detikcom က ဖော်ပြသည်။

အဆိုပါ အမျိုးသမီးကို အတိုကောက်အားဖြင့် တီအက်စ်ဟု ပြောဆိုထားပြီး ပြီးခဲ့သည့် သီတင်းပတ်တာအတွင်း ထမင်းပေါင်းအိုးဖြင့် ပြုလုပ်သော လက်ဖြစ်ဗုံးဖြင့် သမ္မတနန်းတော်အား ဗုံးခွဲရန် ကြံစည်ထားကြသော ခုနစ်ဦးပါ အုပ်စုအား ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း တီအက်စ်အား တတိယမြောက်အဖြစ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခုနစ်ဦးတွင် အစောဆုံး ဖမ်းဆီးရမိသူမှာ ဒီအန်ယုလီယာနိုဗီဆိုသူဖြစ်ကာ စင်ကာပူတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။ ထိုခုနစ်ဦးထဲမှ တစ်ဦးဖြစ်သည့် အမ်နော်ဆိုလီဟင်ဆိုသူနှင့် တီအက်စ်က နိုဗီမှတစ်ဆင့် သိကျွမ်းခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

“တီအက်ကို ဂျီဟတ်ဆင်နွှဲဖို့ စည်းရုံးခဲ့ဖွယ်ရှိတယ်။ နောက် သူတို့တွေ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပြီး အသင်းအပင်းဖွဲ့ကြဖွယ်ရှိတယ်။”ဟု အမျိုးသားရဲဌာန ပြန်ကြားရေးအကြီးအကဲ ဆီတိုပိုက Detikcom သို့ ပြောသည်။

ဖမ်းမိသူ ခုနစ်ဦးတွင် အမျိုးသမီးဖြစ်သူတစ်ဦးမှာ ဗုံးလုပ်ရာတွင် ငွေကြေးအဆင်ပြေအောင် ကူညီလုပ်ကိုင်ပေးနေသည့် အရီဒါမာဟာရန်နီဆိုသူဖြစ်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြသည်။

တီအက်စ်၏ ခင်ပွန်းသည်ဖြစ်သူကိုလည်း Densus 88 အဖွဲ့က ဖမ်းဆီးထားကြောင်း ဆီတိုပိုက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly