မုံးကိုး၊ ဖောင်ဆိုင်ဘက်မှ စစ်ပြေးဒုက္ခသည်တစ်ချို့လုံခြံုရေး စိုးရိမ်၍ နေရပ်မပြန်ရဲသေးဟုဆို

မုံးကိုး၊ ဖောင်ဆိုင်ဘက်မှ စစ်ပြေးဒုက္ခသည်တစ်ချို့လုံခြံုရေး စိုးရိမ်၍ နေရပ်မပြန်ရဲသေးဟုဆို

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၅ ။                ။ ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့နှင့် ဖောင်ဆိုင်ဒေသတို့မှ စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နေပြီ ဖြစ်သော်လည်း အချို့မှာ လုံခြံုရေး စိုးရိမ်သဖြင့်   နေရပ်မပြန်ရဲဘဲဖြစ်နေသည်ဟု စစ်ပြေးဒုက္ခသည်များက ပြောသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေး တိမ်းရှောင်နေ ရသော မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသမှ စစ်ပြေးဒုက္ခသည်များသည်   နေရပ်ပြန်လိုသော်လည်း အစိုးရမှ စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် မပြန်ရဲသေးကြောင်း ဖောင်းဆိုင်ဒေသမှ သိက္ခာတော်ရဆရာ ဦးဇင်ဟန်လက ပြောသည်။

“အစိုးရက ပြန်ဖို့ ခေါ်နေတယ်။ အခုက မုံးကိုမှာ လက်မှတ်အရင်သွားလုပ်ပြီးမှ ပြန်ရမယ်။ သူတို့ လဝက က မှတ်ပုံတင်၊ အမည်နဲ့ တံဆိပ်တုံးနဲ့ ဓါတ်ပုံရိုက်ယူတယ်။ လက်မှတ်က ကျနော်တို့ တရုတ်နိုင်ငံကနေ မြန်မာပြည်ကို ပြန်ဝင်လာပါပြီ ဆိုတဲ့ အထောက်အထားထင်တယ်။ တချို့ အဲဒီလက်မှတ်သွားလုပ်တာ ပတ်ပိုစ့်မရှိတဲ့ လူတွေက ခက်ပြန်၊ လမ်းမှာက တရုတ်အစိုးရက ပြန်စစ်ဆေး ဆိုတော့ ဒုက္ခသည်တချို့ကို ဖမ်းဆီးခံထားရတယ်။ ပတ်စ်ပို့ မရှိတဲ့လူတွေက ပြန်လှည့် လာရတယ်။ သူတို့ခေါ်လည်း မပြန်ရဲကြဘူး။ အများအားဖြင့် ပတ်စ်ပို့က မရှိတဲ့လူကများတယ်။ အဲဒီလက်မှတ်ရဖို့က မလွယ်ဘူး” ဟု သူက ပြောသည်။

တရုတ်နိုင်ငံ လောင်မီကျိန် ဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည်များသည် နေရပ်ပြန်ရန်အတွက် မုံးကိုးမြို့နယ်စပ်ဂိတ် တွင် စစ်ဆေးမှု ခံယူရမည်ဖြစ်၍ တစ်ချို့ ဒုက္ခသည်များတွင် မှတ်ပုံတင်မရှိသည့် အတွက် နေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲရှိနေသည်ဟု သူက ပြောသည်။

“ရွာမှာလည်း သူပုန်နယ် သတ်မှတ်ပြီးတော့ အိမ်စောင့်နေတဲ့ လူတွေကိုလည်း ဖမ်းဆီးနေတယ်ဆိုတော့ ကျွန်တော်တို့ ကြောက်လို့ မပြန်ရဲသေးဘူး။ တချို့ ပြန်ချင်ကြပြီ။ ကချင် တစ်ယာက်ကို ဖမ်းပြီဆိုရင် ပြန်ချင်ပေမဲ့ ကြောက်လို့ မပြန်ရဲ ကြဘူး” ဟု သူက ဆက်လက် ပြောဆိုသည်။

ထို့ပြင် ဖောင်းဆိုင်ဒေသတွင် မြန်မာ့တပ်မတော်၏ စစ်ဗျူဟာ တစ်ခုအခြေစိုက်နေပြီး နယ်မြေရှင်းလင်းရေးဟုဆိုကာ လရှပ်၊ ကောင်းဘွမ်၊ လွယ်ဒန်းစသည့် ကျေးရွာများမှ မသိက္ခသူ ရွာသား ၁၂ ဦးကို ဖမ်းဆီးသွားမှုများ ရှိသဖြင့် နေရပ် ပြန်ရေး စိုးရိမ်နေရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

လောင်မီကျိန် ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၃၅၈ ဦး ခိုလှုံနေပြီး တရုတ်အစိုးရမှ ထောက်ပံ့မှု မရရှိသော စခန်းဖြစ်  သည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကူညီထောက်ပံ့သော အစားအသောက်ကြောင့် လတ်တလောတွင် အဆင်ပြေနေသော်လည်း နေရပ်ပြန်ရေးအတွက် အခက်အခဲ ရှိနေသည်ဟုဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်၍ မုံုးကိုးမြို့ နယ်စပ်ဝင်ပေါက်ဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် စစ်ပြေးဒုက္ခသည်များကို စနစ်တကျ စစ်ဆေးလျက်ရှိသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

မုံုးကိုးမြို့မှ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသော စစ်ပြေးဒုက္ခများကို တရုတ်အစိုးရကလည်း ပြီးခဲ့သည့် ရက်ပိုင်းက နေရပ်ပြန်ရန် ပြောဆိုခဲ့သဖြင့် ဒုက္ခသည် တစ်ချို့ မုံးကိုးမြို့သို့ ပြန်လည် ဝင်ရောက်နေပြီ ဖြစ်သော်လည်း တစ် ချို့ မှာ မုံးကိုးမြို့ပေါ် မီးမရရှိသေးသဖြင့် မပြန်ရဲသေးကြောင်း မုံးကိုးမြို့ခံ ဒေါ်ခေါန်ရှောင်က ပြောသည်။

“ပြီးခဲ့တဲ့ ၃၊ ၄ ရက်က တရုတ်အစိုးရက ကျွန်မတို့ကို အစားအသောက်တွေ ထုတ်ပေးတယ်။ ဒါက ၂ ရက်စာအတွက် ဖြစ်တယ်။ အဲဒါကုန်ရင် နေရပ်ကို ပြန်ကြပါ ဆိုပြီးပြောသွားတယ်။ ဒါပေမဲ့ ကျွန်မတို့က မုံးကိုးမှာ မီးမလာသေးတော့ သူ တို့ ပြန်ခိုင်းရင်လည်း မပြန်ဘဲ ဆက်နေနေသေးတာ” ဟု လွယ်ယိန်း စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသော ဒေါ်ခေါင်ရှောင်က ပြောသည်။

စစ်ပြေးဒုက္ခသည်များကို မှတ်ပုံတင်နှင့် မိဘအမည်များကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်၍ စစ်ပြေးဒုက္ခသည်ဖြစ်ကြောင်း အထောက်အထားလက်မှတ် ထုတ်ပေးထားသဖြင့် ၄င်းလက်မှတ်ဖြင့် သွားလာနိုင်ပြီး ယနေ့ထိ မုံးကိုးမြို့ခံ သောင်းချီရှိ ရာမှ ထက်ဝက်ခန့် နေရပ်ပြန်ပြီ ဖြစ်ကြောင်း သူက ပြောသည်။

ဒီဇင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ မုံုးကိုးမြို့သို့ စတင်ဝင်ရောက်လာသူ ၅၂၂၈ ဦးကို စိစစ်လက်ခံနိုင်ခဲ့ပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required