အမှတ်ပေးဇယားကိုမေ့ထားပြီး ယခုထက်ပိုကောင်းသည့်ခြေစွမ်းပြရန် ချယ်လ်ဆီးအသင်းသားများကို နည်းပြကွန်တီ တောင်းဆို

အမှတ်ပေးဇယားကိုမေ့ထားပြီး ယခုထက်ပိုကောင်းသည့်ခြေစွမ်းပြရန် ချယ်လ်ဆီးအသင်းသားများကို နည်းပြကွန်တီ တောင်းဆို

ဒီဇင်ဘာ ၁၅၊ အင်္ဂလန် ။                  ။ ချယ်လ်ဆီးအသင်းသည် ဆန်းဒါးလန်းအသင်းကို ဖာဘရီဂက်စ်၏ တစ်လုံးတည်းသောဂိုးဖြင့်အနိုင်ရခဲ့သည့်အတွက် ပရီးမီးယားလိဂ်တွင် ၁၀ ပွဲဆက်တိုက်အနိုင်ရကာ အမှတ်ပေးဇယားဒုတိယနှင့်တတိယနေရာမှ လီဗာပူးလ်နှင့်အာဆင်နယ်တို့ကို ခြောက်မှတ်ဖြတ်ထားနိုင်ပြီဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ၁၀ ပွဲဆက်တိုက်အနိုင်ရခဲ့ပြီး ထိပ်ဆုံးနေရာတွင် ရပ်တည်နေသော်လည်း ချယ်လ်ဆီးနည်းပြ ကွန်တီက သူ၏ ကစားသမားများကို ယခုထက်ပိုကောင်းသည့် ခြေစွမ်းပြသရန်   တောင်းဆိုလိုက်ပြီး အမှတ်ပေးဇယားကို မေ့ထားကြရန် ပြောဆိုလိုက်သည်။

‘ပြိုင်ပွဲတစ်ခုကို အဆုံးသတ်လိုက်ဖို့ အခွင့်အရေးရရှိပြီဆိုရင် အဲ့ဒီအခွင့်အရေးကို ရအောင် အသုံးချရမှာပါ။ ဆန်းဒါးလန်းနဲ့ပွဲမှာ အဲ့ဒီလိုအခွင့်အရေးရခဲ့ပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ ကော့တွိုက်စ်အစွမ်းပြကာကွယ်ခဲ့လို့သာ ကျွန်တော်တို့အနိုင်ရခဲ့တာပါ။ တကယ်ကိုကောင်းတဲ့ ကာကွယ်မှုပါပဲ။

အနာဂတ်မှာ အသင်းက ဒီထက်ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ဖာဘရီဂက်စ်ကလည်း ကျွန်တော်တို့အတွက် တကယ့်ကစားသမားကောင်းပါ။ ကျွန်တော့်အလယ်တန်းမှာ ကစားသမားလေးယောက်ရှိပါတယ်။ ကစားသမားတစ်ဦးစီတိုင်းကနေ အကောင်းဆုံးအရည်အချင်းတွေရဖို့က အရေးကြီးပါတယ်။ တစ်ချို့ပွဲမှာ နည်းစနစ်ပိုင်းကို ဦးစားပေးရသလို တစ်ချို့ပွဲမှာတော့ ကြံ့ခိုင်မှုပိုင်းကို ဦးစားပေးရပါတယ်။ ဒီပွဲမှာ ဖာဘရီဂက်စ်ခြေစွမ်းပြနိုင်ခဲ့တာက အလွန်အရေးပါခဲ့ပါတယ်’ ဟု ကွန်တီက ပြောသည်။

ထို့အပြင်ကွန်တီက ‘အမှတ်ပေးဇယားကို မေ့ထားပြီး နောက်သုံးရက်မှာ ကစားရမယ့်ပွဲကို အာရုံစိုက်ထားဖို့ ကစားသမားတွေကို ပြောထားပါတယ်။ ခရစ္စမတ်ကာလမှာ အကောင်းဆုံးရလဒ်ရရှိဖို့ အသေအချာပြင်ဆင်နေပါတယ်’ ဟု ဆိုခဲ့သည်။

ရည်ညွှန်း TeamTalk

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly