အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွား

အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှု ဖြစ်ပွား

စစ်တွေ၊ ဒီဇင်ဘာ ၁၄ ရက် ။           ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း အသက် (၅) နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦးမှာ ဒီဇင်ဘာလ ၁၃ ရက်တွင် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။

သေဆုံးသူ မိန်းကလေးငယ်မှာ သံတွဲမြို့နယ်၊ ပဒေးကြောကျေးရွာအုပ်စု၊ စာနီတောင်ကျေးရွာမှ ဖြစ်ပြီး အိမ်နီးချင်းဖြစ်သူ အနှိပ်သည် အသက် (၆၈) နှစ်အရွယ် ဦးဟန်တင်က ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ (၅) နာရီခန့်က ၎င်းနေအိမ်သို့ ခေါ်ယူကာ ကျူးလွန်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တွင်ပင် ပစ်ထားခဲ့ကြောင်း သံတွဲမြို့နယ်၊ မြို့မရဲစခန်းမှ အတည်ပြုသည်။

“ ကလေးကမုဒိန်းကျင့်သတ်ဖြတ်ခံရတာဟုတ်ပါတယ်။ ပြစ်မှုကျူးလွန်ပြီးတော့ ဦးဟန်တင်က ထွက်ပြေးသွားပါတယ်။ ဒီနေ့ မနက်က ရေစင်ကျေးရွာမှာသူ့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု သူ့ကို အမှုဖွင့်ပြီးတော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ် ” ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေက ကလေးငယ်ပြန်လာချိန် နောက်ကျနေသည့်အတွက် မိဘများက လိုက်လံရှာဖွေရာ ဦးဟန်တင်၏ နေအိမ် အိပ်ခန်းအတွင်း ပက်လက် အနေအထားဖြင့် ဘောင်ဘီစုတ်ပြဲပြီး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ည ၈ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း သက်ငယ်မုဒိန်းမှု (၁၀) မှုထက်မနည်း ဖြစ်ပွားခဲ့ပြီး မကြာသေးခင်က ဖေဖော်ဝါရီလ အတွင်းမှ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုကျူးလွန်သူအား ဒီဇင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် တရားလွှတ်တော်မှ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့သေးသည်။

ယင်းအပြင် ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုပေါင်း နောက်ထပ် ၆ မှုအား စစ်ဆေးလျှက်ရှိနေဆဲဖြစ်ကြောင်း ပြည်နယ်မှုခင်းမှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly